Sunday, September 30, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးပွဲများ တက်ရောက်




နေပြည်တော် စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ပညာရေး ကော်မရှင်(The Education Commission) က ကျင်းပသော ပညာရေးလုပ်ငန်း ကြိုးပမ်းမှုအစီအစဉ် အဆင့်မြင့် ဦးဆောင်အဖွဲ့၏ ဒုတိယအကြိမ် အစည်း အဝေးသို့ တက်ရောက်ကာ ပညာရေးလုပ်ငန်းအဖွဲ့ အစီရင်ခံစာကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် သုတေသန အစီအစဉ်များအပေါ် နည်းဗျူဟာဆိုင်ရာ လမ်းညွှန်မှုရေးဆွဲခြင်း များကို ပါဝင်ဆွေးနွေးကာ ပညာရေး မြှင့်တင်မှုလုပ်ငန်းများအတွက် ဦးစားပေးနယ်ပယ်များနှင့် အကောင် အထည်ဖော်ဆောင် ရွက်နေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ ကမ္ဘာ့ဘဏ် အဖွဲ့ရုံးချုပ်တွင် ကမ္ဘာ့ဘဏ်အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အရှေ့တောင်အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုများ(Myanmar Education Reforms) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။ ပြည်ထောင်စု ၀န်ကြီးက ဆွေးနွေးရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှု၏ ဦးစားပေး နယ်ပယ်များ သတ်မှတ်ဆောင်ရွက်နေမှု၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပညာရေး စနစ်သစ်ဖြင့် သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲသင်ကြားနေမှု၊ နိုင်ငံတော်က ပညာရေး အသုံးစရိတ်များကို တိုးမြှင့် ခွင့်ပြုပေးနေမှုနှင့် သင်ကြားသင်ယူမှုအရည်အသွေးမြှင့်တင်ပေးနေမှု အခြေအနေများကို ဟောပြော ဆွေးနွေးခဲ့သည်။
ယင်းသို့ဆွေးနွေးရာတွင် အခြေခံပညာကဏ္ဍ၌ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေ မြဲရေး၊ ကျောင်းမထွက်ရေး၊ မည်သည့်ခွဲခြားမှုမျှ မရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းနေနှုန်း မြင့်မားရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားရေးတို့အတွက် ဦးစားပေး ဆောင်ရွက် နေမှု အခြေအနေ၊ တိုင်းရင်းသားကလေးငယ်များအတွက် သင်ကြားရေးအထောက်အကူ ပြု ဆရာများ ခန့်ထား ပေးမှု အခြေအနေ၊ ဆရာအသစ်များ တိုးချဲ့ခန့်ထားပေးမှု၊ ကျောင်းဆောင်သစ်များ တိုးချဲ့ ဆောက်လုပ်ပေးမှုနှင့် သင်ထောက်ကူပစ္စည်းများ တိုးချဲ့ပံ့ပိုးပေးမှုကြောင့် ကျောင်းနေနှုန်း မြင့်မားလာသည့် အခြေအနေ၊ Grade-3 ပြီးသော ကျောင်းသား ကျောင်းသူအားလုံး စာဖတ်၊ စာရေး၊ အခြေခံသင်္ချာတွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် နေမှု၊ သက်ကြီးစာတတ်မြောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်မှု၊ ရခိုင်ပြည်နယ်ရှိ ကျောင်းသား ကျောင်း သူများ အဆင်ပြေစွာ အတူစာသင်ယူနိုင်ရေးအတွက် ဆရာများ လိုအပ်ချက်များ ဖြည့်ဆည်းထားမှု၊ တက္ကသိုလ် ၀င်စာမေးပွဲကို အတူယှဉ်တွဲဖြေဆိုခဲ့မှု၊ ဘူးသီးတောင်၊ မောင်တောတွင် သက်မွေးပညာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးမှုနှင့် တက္ကသိုလ်ပညာ သင်ယူနိုင်ရေးနှင့် အဝေးသင် တက္ကသိုလ်ပညာရေးအစီအစဉ်ဖြင့် သင်ယူလိုသူများအတွက် ပံ့ပိုးပေးမှု အခြေအနေများကို ဓာတ်ပုံမှတ်တမ်း များနှင့်တကွ ရှင်းလင်း ပြောကြားခဲ့သည်။
နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ဒေသ လိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေများ၊ အဆင့်မြင့် ပညာကဏ္ဍအားကောင်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်စီမံ ခန့်ခွဲမှု၊ အသုံးချသုတေသနနှင့် နက်နက်နဲနဲ သင်ယူမှုအားကောင်းလာစေရေးအတွက် အားပေးဆောင်ရွက်နေမှု၊ တက္ကသိုလ် ၁၂ ခုတွင် ပထမဦးဆုံးအကြိမ် ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် တက္ကသိုလ်ဝင်ခွင့် လက်ခံပေးနေမှု၊ တက္ကသိုလ်များတွင် လိုအပ်ချက်များ ပိုမိုဖြည့်ဆည်း ပေးမှုကြောင့် ဆရာဦးရေ၊ ကျောင်းသားဦးရေ တိုးတက် လာမှု၊ ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ပေး နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် ပါမောက္ခချုပ်များ ကော်မတီ ဖွဲ့စည်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ကိန်းဂဏန်းများ၊ ဓာတ်ပုံအထောက်အထားများဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူ အညီများပိုမိုရရှိရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment