Sunday, September 30, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်ဇာတ်ကား ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း အခမ်း အနားသို့ တက်ရောက် အမှာစကားပြောကြား



 ရန်ကုန် စက်တင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ရုပ်ရှင် ဇာတ်ကားအပေါ် ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်း (Film Analysis) အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့  ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား လမ်း အမှတ်(၅၀) ရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်  တက်ရောက်အမှာစကားပြောကြားသည်။

  ပြည်ထောင်စုဝန်ကြီးက  ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးလည်း တစ်ခု ပါဝင်ကြောင်း၊  ရုပ်ရှင်နှင့် ပတ်သက်လျှင် ရုပ်ရှင် လောကသားများက အဓိက ဆောင်ရွက်ကြပြီး မိမိတို့ အနေဖြင့်   ဆောင်ရွက်နိုင်သည့် အစိတ်အပိုင်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီဖြည့်ဆည်း ပေးနေခြင်း ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းကဏ္ဍ မျိုးစုံ အနက် ရုပ်ရှင်သည်လည်း     တစ်ခုအပါအ၀င် ဖြစ်ပါကြောင်း။
 ရုပ်ရှင်နှင့်ပတ်သက်လျှင် အခြေခံအဆောက်အဦ၊ အနုပညာနှင့် အတတ်ပညာလုပ်ငန်း များနှင့်  စီးပွားရေးကဏ္ဍ စသည်ဖြင့် ပါဝင်နေပြီး ယင်းကဏ္ဍများအားလုံး  ဖွံ့ဖြိုးတိုးတက်အောင် ထူထောင် ရမည်ဖြစ် ပါကြောင်း၊ ထို့အတူ လေ့လာသင်ယူခြင်း၊ လေ့ကျင့်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများဖြင့် တည်ဆောက် ရမည် ဟု မြင်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးရည်ရွယ်ပြီး ရုပ်ရှင်အနုပညာရပ်ဝန်းကို တတ်စွမ်းသမျှဖြင့် စီစဉ် ဆောင်ရွက် ပေးထားခြင်းဖြစ်ရာ ရုပ်ရှင်လောကသားများအနေဖြင့်  ထိရောက်စွာ အသုံးပြုစေလိုပါကြောင်း။
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာရှင်၊ အတတ်ပညာရှင်များ အချင်းချင်း စိတ်ကူးစိတ်သန်းများ နှီးနှောဖလှယ်ရာ၊ အသိပညာမျှဝေရာ နေရာတစ်ခု အဖြစ် အသုံးပြုကြစေလိုပါကြောင်း၊ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကြံဥာဏ်များ လည်း ပေးစေလိုပြီး အကြံပြုချက်များအပေါ် စိတ်အားထက်သန်စွာဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကျင်းပခဲ့ပြီးဖြစ်သည့် မြန်မာရုပ်ရှင် ရာဇ၀င်ဇာတ် ကားများ ရိုက်ကူး ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆက်စပ်သည့် မြန်မာသမိုင်း ဖြစ် စဉ်ဖြစ်ရပ်များမှ ထူးခြားသည့် ပုဂ္ဂိုလ် များနှင့် စရိုက်လက္ခဏာများဆိုင်ရာ စာတမ်းဖတ်ပွဲ ကို မကြာမီ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်လိုသူ များအတွက် အထောက်အကူပြုနိုင်မည်ဟု မြင်ပါကြောင်း၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးပါသည့် ရုပ်ရှင်သင်တန်းကျောင်းနှင့် စတူဒီယိုများ ပေါ်ပေါက် လာရေး အတွက်လည်း  ရည်မှန်းချက်ထားရှိပြီး စီစဉ်ဆောင်ရွက်နေပါကြောင်း ပြော ကြားသည်။
ထိုနောက် ရုပ်ရှင်ပညာရှင် ဒေါက်တာအောင်အောင်မင်း က Cinematheque Program ၏ ကဏ္ဍခွဲ တစ်ရပ် ဖြစ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ ဝေဖန် ဆန်းစစ်ခြင်း (Film Analysis) နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ  Art House Film  အမျိုးအစားဖြစ်ပြီး ၁၉၉၉ခုနှစ် Cannes Film  Festival ရုပ်ရှင်ပွဲ တော်တွင် Best Actress Winner ဆု နှင့်  Plamed’ or  Winner ဆု ရရှိခဲ့သော ဒါရိုက်တာ Jean-Pierre and  Luc Dardenne တို့ ရိုက်ကူးခဲ့သည့် “Rosetta “ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ရုပ်ရှင်ကြည့်ပရိတ်သတ်များနှင့် ပညာရှင်များက “ Rosetta ”  ဇာတ်ကား၏ ဇာတ်လမ်း ၊ ဇာတ်ညွှန်း ခွဲခြမ်း စိတ်ဖြာ လေ့လာဆန်းစစ်ခြင်းကို သုံးသပ်ဆွေးနွေးကြပြီး သိရှိ လိုသည် များကို မေးမြန်း ဆွေးနွေး ကြသည်။
အဆိုပါ အခမ်းအနားသို့  ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ရုပ်ရှင်ချစ်ပရိသတ် များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။   
အလားတူ Film Analysis ဆောင်ရွက်မှုကို စက်တင်ဘာ ၁၆ ရက်က ရုပ်ရှင်ပြခန်းမတွင် ရုပ်ရှင်ပညာရှင် ဒေါက်တာ အောင်အောင်မင်းက ဦးဆောင်၍ ဒါရိုက် တာ Edward Yang ၏ Yi Yi ဇာတ်ကားကို ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာ ဆန်းစစ်ခြင်းနှင့် ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် ၊ သာသနာ့ ရိပ်သာ လမ်းရှိ    ဖလင်ပဋိကတ်တိုက်သို့သွားရောက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရုပ်ရှင်မြင့် တင်ရေး ဌာနခွဲနှင့်  Save Myanmar Film (SMF) တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်  ရုပ်ရှင်ဖလင်များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေ၊ ရုပ်ရှင်ပြတိုက်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေမှုနှင့် ပစ္စည်းများ စုဆောင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြန်မာ့ရုပ်ရှင်လောက၏ သမိုင်းအမွေအနှစ်များဖြစ်သော နှစ်အလိုက်ထုတ်လုပ် ခဲ့သည့် ရုပ်ရှင် ဇာတ်ကားများနှင့် သတင်းမှတ်တမ်းများကို ပုံမှန်စုဆောင်းနေမှု မှ ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်းတစ်ခုအဖြစ် ရုပ်ရှင် ပိဋကတ် တိုက်ကို ၁၉၈၁ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လတွင် SMF နှင့် ပူးပေါင်းကာ လုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ  မြန်မာ့ရုပ်ရှင်ဇာတ်ကား (၁၂)ကားအနက်  (၁၁) ကား၊ ရောင်စုံ ရုပ်ရှင် ဇာတ်ကား(၁၅၅) ကားအနက် ကား (၅၀)  ၊ သတင်းမှတ်တမ်း (၂၉၈၄) ပိုင်း အနက်  အပိုင်း(၁၀၀) တို့ကို စစ်ဆေး၍ ပြုပြင် ထိန်းသိမ်း ဆောင်ရွက် နိုင်ခဲ့ပြီး ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များဖြစ်သော စစ်ဆေးခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း များအပြင်  ရှေးဟောင်းရုပ်ရှင်ဖလင်များ ၊ ကြော်ငြာနှင့် ပိုစတာများ စုဆောင်းထိန်းသိမ်းခြင်း၊ မှတ် တမ်းနှင့် သုတေသန ပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment