Friday, September 28, 2018

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေး ပြပွဲကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၈
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပြပွဲ (၂၀၁၈) အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ မြလေးစိန်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးတို့က လူထုပညာပေးပြပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အဓိကကျန်းမာရေး ပြဿနာတွင် အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများအား သုံးစွဲခြင်း ဆိုင်ရာ အခန်းကဏ္ဍတွင် ပြည်သူများ အတွက် လုံခြုံစိတ်ချရေးသည် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေပါကြောင်း၊ ဆိုးဆေးများ၊ ဓာတုဗေဒ ပစ္စည်းများ၊ ပိုးမွှားများပါဝင်နေသည့် အစားအသောက်များ၊ စံမမီဆေး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေး၊ စပ်ဆေး၊ ဆေးအတုနှင့် နေ့စဉ်နှင့်အမျှ သုံးစွဲရန်မသင့်သော ခွင့်မပြုသောအလှကုန်ပစ္စည်းများကို သုံးစွဲနေရပြီး ၄င်း ပစ္စည်းများ၏ ဘေးထွက် ဆိုးကျိုးများမှ ရရှိသော ရောဂါအမျိုးမျိုးကို တွေ့ကြုံခံစားနေကြရပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ လုံခြုံစိတ်ချ၍ ဘေးအန္တရာယ်ကင်းရှင်းရေးဟူသော ရည်မှန်းချက်ကြီး ချက်ချင်းလက်ငင်း ချမှတ်ဆောင်ရွက်ရန် အထူး လိုအပ်နေသည်ကို သိရှိနားလည်ပါကြောင်း၊ ယနေ့အခမ်းအနားသည် နေပြည်တော်အတွင်းနေထိုင်ကြသည့် ပြည်သူများကို လူထုအသိပညာပေးရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ လာရောက်ကြည့်ရှုကြသော ပြည်သူများ အနေဖြင့်လည်း ပညာပေးပြပွဲမှတဆင့် မိမိတို့ဘ၀အတွက် အမှန်တကယ်လိုအပ်သော အသိပညာများရရှိကြပြီး မိမိတို့၏ ကျန်းမာရေး၊ အနာရောဂါ ကင်းရှင်းရေး၊ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါအန္တရာယ်ကင်းဝေးရေးအတွက် ဆောင်ရန် ရှောင်ရန်များကို အသိပညာရှိစွာဖြင့် နားလည်သဘောပေါက်စေရန် ကြိုးစားလေ့လာ လိုက်နာ ဆောင်ရွက်ကြစေလို ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အမှာစကားပြောကြားသည်။

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲမှ ၀န်ထမ်းများက ပြည်သူ့ရှေ့က FDA သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ဆေးဝါးနှင့်သက်ဆိုင်သော ပညာပေးပြဇာတ်အား တင်ဆက်ပြသ သည်။
ယင်းနောက် ဒုတိယ၀န်ကြီးနှင့်အတူ တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် အစား အသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ပြပွဲကို စက်တင်ဘာ ၂၈ရက်မှ ၂၉ရက်အထိ နှစ်ရက်တာ ပြသသွား မည်ဖြစ်ပြီး အစား အသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများအား သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများက ပါဝင်ပြသ လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment