Saturday, September 29, 2018

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးစာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်




မော်လမြိုင် -  စက်တင်ဘာ  ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။


ရှေးဦးစွာ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးထွန်းလှစိုးတို့က လူထုအခြေပြုဗဟိုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူထုအခြေပြု ဗဟိုဌာနဆိုင်းဘုတ်နှင့် Mobile Library မော်တော်ယာဉ် တို့ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ပေးကြပြီး လူထုအခြေပြုဗဟိုဌာနအတွင်းရှိ စာကြည့်တိုက်တွင် ပြတိုက်ငယ်ခင်းကျင်းပြသ ထားရှိမှုနှင့် စာပေဖတ်ရှုနေကြသည့် ကျောင်းသားကျောင်းသူများကို ကြည့်ရှုအားပေးကာ စာရေး ကိရိယာများ ပေးအပ်သည်။

ယင်းနောက် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ၀င်နေကြသည့် ကလေးများ ကို  ကြည့်ရှုအားပေး ကလေးငယ်များကို ကစားစရာအရုပ်များ ပေးအပ်ကာ လူထုအခြေပြု ဗဟိုဌာန၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်လေ့ကျင့်မှုများကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် လူထုအခြေပြုဗဟိုဌာန ရှေ့မျက်နှာစာရှိ ယာယီမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က  အမှာစကား ပြောကြားရာ၌   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များတွင် အများပြည်သူဆုံတွေ့ပြီး သတင်းအချက်အလက်ဖလှယ်ရာ၊ ရပ်ရွာလူမှုရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ စုပေါင်းဆွေးနွေးရာ အသင်းအဖွဲ့အမျိုးမျိုးတို့ ဆုံဆည်းပြီး ဆွေးနွေး တိုင်ပင်ရာ၊  လူငယ်များ အတွက် အသိပညာအတတ်ပညာဆိုင်ရာ သင်တန်းများပို့ချပေးရာ စသည့် ဘက်စုံကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် နေရာထိုင်ခင်းနှင့် လိုအပ်သည်များ စီစဉ်ထားရှိပေး ထားသည့် လူထု အခြေပြု ဗဟိုဌာနအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

 ယခုအခါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်နှင့် မြို့နယ်ရုံး၊ စာကြည့်တိုက် များကို လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်လျက် ရှိပါကြောင်း၊ မြစ်ကြီးနားမြို့ တွင် အဆောက်အဦမှစ၍ ပြန်လည်ဆောက်လုပ်ခဲ့ပြီး ကျန်မြို့ကြီးများတွင်လည်း အလားတူ အထပ်မြင့်အဆောက်အဦများ ပြန်လည်ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍  မော်လမြိုင်ခရိုင်ရုံးကဲ့သို့ ရွေ့လျားစာကြည့် တိုက်နှင့် ကွန်ပျူတာသင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ ပြတိုက်စသည်တို့ပါဝင်သည့် လူထုအ ခြေပြု ဗဟိုဌာန အဖြစ်လည်း အဆင့်မြှင့်တင် ဖွင့်လှစ်လျက် ရှိပါကြောင်း ။

လူထုအခြေပြုဗဟိုဌာနများကို ပြည့်သူ့အတွက် အကျိုးရှိသည့်လုပ်ငန်းများ ဖော်ဆောင်သည့် နေရာအဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီကြရန်နှင့် ထိရောက်အောင်အသုံးပြုကြစေလိုပါကြောင်း     ပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်အတွင်း ပထမဆုံး ဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်ကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးတိုင်ပင်ရာနေရာတစ်ခုအဖြစ်သတ်မှတ်ကာ စဉ်ဆက်မပြတ် တိုးတက် အောင် ဆောင်ရွက်ရေးနှင့် အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် အကူအညီ များပေးသွား မည်ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးထွန်းလှစိုးက ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် နှင့် လုပ်ဆောင်နေမှုများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးမှု၊ ရွေ့လျားစာကြည့် တိုက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောကြားကာ  ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသောင်းထိုက် က လူထုအခြေပြုဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက် နိုင်မှုအတွက် ကျေးဇူးတင်ရှိပြီး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ခရိုင်နှင့် မြို့နယ်စာကြည့်တိုက်များကို လူထုအခြေပြု ဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်လျက်ရှိရာ ယခုအခါ မြို့ကြီး ၁၂ မြို့တွင် ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

 (ပြည်နယ်ပြန်/ဆက်)

No comments:

Post a Comment