နေပြည်တော် ဇူလိုင် ၁၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်
အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ H.E.Dr.Surakiart
Sathirathai ဦးဆောင်သည့် အဖွဲ့ဝင် (၈) ဦးတို့အား ယနေ့နံနက် (၁၀)နာရီတွင်
နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် အကြံပေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် လုပ်ငန်း အစီအစဉ် များကို အကြံပေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပြီး အကြံပေးအဖွဲ့၏ ပထမနှင့် ဒုတိယအကြိမ် ခရီးစဉ်များအပြီး ထုတ်ပြန်ခဲ့သော အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းသွားရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များအား ဆက်လက်ဆောင်ရွက် သွားရေးတို့ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အနေဖြင့် စတင်ထူထောင် ပြီးချိန်မှစ၍ တတိယအကြိမ် လာရောက် တွေ့ဆုံခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
ref: Myanmar State Counsellor Office

No comments:
Post a Comment