ရန်ကုန်
ဇူလိုင် ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့
နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့မှ ကော့မှူးမြို့သို့ မော်တော်ယာဉ်များဖြင့်
ထွက်ခွာပြီး မွန်းလွဲပိုင်းတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံး၌
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သမ္မတရုံး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီး
ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် “လွှတ်တော်ကိုယ်စားလှယ်များ၏
အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်း ကဏ္ဍသည် တူညီမှုမရှိကြောင်း၊
ထိုသို့မတူညီသော်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်သူများအကြားတွင်
ပေါင်းကူး တံတားအဖြစ် ဆက်သွယ်ပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းသည့်ကိစ္စရပ်များ
ဆောင်ရွက်ရန် အခွင့်အလမ်း ရှိသကဲ့သို့ တာဝန်ယူမှု မရှိပါကလည်း
အုပ်ချုပ်ရေးပိုင်ဆိုင်ရာ နစ်နာမည်ဖြစ်ပါကြောင်း၊ အောက်ခြေတွင်ရှိသည့်
ပြည်သူလူထုအခြေအနေနှင့် အမြင်များကို လွှတ်တော်ကိုယ်စားလှယ်များက တင်ပြမှုမရှိပါက
အုပ်ချုပ်ရေးပိုင်းအနေဖြင့် ပြည့်ပြည့်၀၀ သိနိုင်မည်မဟုတ်၍ အပြန်အလှန်လေးစားမှု၊
နားလည်မှုနှင့် တာဝန်သိမှု တို့သည် အရေးကြီးပါကြောင်း၊ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များက
တင်ပြသော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်မဖော်ပါက အထစ်အငေါ့များ
ဖြစ်လာနိုင်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားရမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများနှင့်
တွေ့ဆုံရာတွင် သောက်သုံးရေမလုံလောက် သည့် နေရာများတွင် ရေအလုံအလောက်ရရှိရန်
တောင်းဆိုသော်လည်း တူညီစွာတောင်းဆိုကြသည့် အချက်မှာ လမ်းပန်းဆက်သွယ်ရေးပင်
ဖြစ်ပါကြောင်း၊ ရာသီမရွေး သွားလာနိုင်သည့် (ရာသီစုံလမ်း) မရှိပါက ပညာရေး၊
စီးပွားရေး၊ ကျန်းမာရေး အပါအ၀င် အဖက်ဖက်က နစ်နာပါကြောင်း။
ကော့မှူးရှိ လမ်းများသည် ကောင်းမွန်လျက်ရှိနေသည်ကို တွေ့ရကြောင်း၊
လမ်းများကို စံတစ်ခုအဖြစ် သက်မှတ်ကာ လမ်းပိုင်းကို
စနစ်တကျစစ်ဆေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လျပ်စစ်မီး ရရှိ ရေးနှင့် ပတ်သက်၍
ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စွာ
သွားလာနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်စီစဉ်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်
ကော့မှူးရှိ ပြည်သူများ၏ တောင်းဆိုချက်ဖြစ်သည့် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး
ရရှိအောင် ဆောင်ရွက် ပေးခဲ့ပြီး လျပ်စစ်မီး ရရှိရေးနှင့် ပညာရေးအခြေအနေ
ဆောင်ရွက်ထားမှုကို သိရှိလိုပါကြောင်း။
ပညာရေးအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများ
အောင်ချက်မြင့်မားရေးအတွက် မြို့နယ်ပညာရေးဌာန အနေဖြင့် စိစစ်၍ ကောင်းမွန်အောင်
ဆောင်ရွက်စေလိုပါကြောင်း၊ ကျူရှင်၊ ဂိုက်စနစ်များဖြင့် သင်ကြားမှုထက် အတန်းတွင်
ပြည့်စုံစွာသင်ကြားနိုင်သည့် စနစ်ဖြစ်အောင် ပြင်ဆင် ရမည်ဖြစ်ပါကြောင်း၊
မိဘများကိုယ်တိုင် ယခုကဲ့သို့ ကျူရှင်၊ ဂိုက်စသည်တို့ဖြင့် သင်ကြားပေးနေမှု သည်
ပညာရေးအတွက် ကောင်းမွန်သည့် အလားအလာ မဟုတ်ပါကြောင်း၊ ကျူရှင်စနစ်အား ထောက်ခံသည့်
သဘော သက်ရောက်နေပါကြောင်း၊ ထို့ကြောင့် အားလုံး ၀ိုင်းဝန်း၍ ပြောင်းလဲရ
မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ သိက္ခာရှိရှိဖြင့် နေထိုင်နိုင်သည့် အထိ
ဆောက်တည်ပေးနိုင်ရန် အတွက် ပြည်သူပြည်သားများ၏ အကူအညီလည်း လိုအပ်ပါကြောင်း၊
မည်သည့် အစိုးရမှ ပြည်သူပြည်သားများ၏ ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲနှင့်
တိုးတက်နိုင်မည် မဟုတ်ပါကြောင်း။
ကျန်းမာရေးအနေဖြင့် ကော့မှူးမြို့နယ် အပါအ၀င်
နိုင်ငံတစ်နိုင်ငံလုံးတွင် ရှိသည့် ကလေးငယ် များ၏ အဟာရပြည့်ဝမှုသည်
အားရစရာမရှိကြောင်း၊ အဟာရပြည့်ဝစွာ မရရှိခြင်းကြောင့် ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှု
နည်းပါးနေသည်ကို တွေ့ရကြောင်း၊ ကလေးငယ်များသည် အသက်နှစ် နှစ် ၀န်းကျင် မှစ၍
အဟာချို့တဲ့သည့် လက္ခဏာကို တွေ့ရပါကြောင်း၊ ဥာဏ်ရည် ထိခိုက်မှုမရှိသော်လည်း
ခန္ဓာကိုယ် ဖွံ့ဖြိုးရေးအတွက် ထိခိုက်မှုရှိပါကြောင်း၊ အဟာရ ပြည့်ဝသည့် ဒေသထွက်
အစားအစာများကို သိပ္ပံနည်းကျ တွက်ချက်၍ အစာအဟာရ ဖွံ့ဖြိုးစေရန် လေ့လာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊
မိမိတို့အစိုးရအနေဖြင့် အထူးအလေးပေးသည်မှာ သန့်ရှင်းသည့်
အစိုးရ၊ တာဝန်သိသည့် အစိုးရ၊ တာဝန်ယူသည့် အစိုးရ ဖြစ်ပါကြောင်း၊ တာဝန်သိသည့် အစိုးရသည်
အဂတိလိုက်စားမှု ကင်းရုံမျှမက ပြည်သူများအနေဖြင့် သံသယပင်မရှိအောင်
နေနိုင်ရမည်ဖြစ်ပါကြောင်း။
အစိုးရအဖွဲ့တွင် ၀န်ကြီး ၃၀ ပင်မပြည့်ကြောင်း၊ ပြည်သူများနှင့်
ထိတွေ့နေသည့် အောက်ခြေရှိ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းအများအပြား ရှိပါကြောင်း ၊
အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းများ သန့်ရှင်းပါမှ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု
သံသယမရှိပါမှ မိမိတို့နိုင်ငံသည် သိက္ခာရှိသည့် နိုင်ငံ၊ တိုးတက်သည့် နိုင်ငံ
ဖြစ်မည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့တွင် ပါဝင်သူများအား အရေးယူရန် လွယ်ကူသော်လည်း အောက်ခြေတွင်ရှိသည့်
များပြားလှသည့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ၊ ၀န်ထမ်းများကို အရေးယူရန်အတွက်
လွယ်ကူလှမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းဖို့ လိုပါကြောင်း။
ပီတိစား၍ ၀သည်ဆိုသော စကားရပ်ကို မိမိအနေဖြင့် ယုံကြည်မှုမရှိဘဲ
ဝန်ထမ်းများကို လုံလောက်သည့်လစာ၊ လုံလောက်သည့် အဆောင်အယောင်များ ပေးနိုင်ရန် စီစဉ်ပေးရမည်
ဖြစ် ပါကြောင်း၊ ၀န်ထမ်းများ၏ လိုအပ်ချက်ကို နေ့ချင်း၊ ညချင်း ဖြည့်ဆည်းပေးနိုင်ခြင်း
မရှိသော်လည်း တစ်ဆင့်ချင်း ဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်
ကော့မှူးမြို့နယ်ရှိ ပြည်သူများကို ပေးနိုင်သည့် ကတိတစ်ခုရှိပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် အမှန်တကယ် ပြည်သူကို စေတနာထား ၍ လုပ်ဆောင်မည်ဆိုပါက မိမိတို့
နိုင်ငံ မြန်ဆန်စွာ ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံဖြိုး တိုးတက်ပါက
ဝန်ထမ်းများ၏ ဘ၀သည်လည်း ဖွံ့ဖြိုး တိုးတက်မည်ဖြစ်၍ အားလုံးပူးပေါင်း
ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း” ပြောကြားသည်။
ထို့နောက် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူ က
မြို့နယ်၏ အကျယ်အ၀န်းနှင့် လူဦးရေနေထိုင်မှု ၊ မြေအသုံးချမှု ၊ သီးနှံစိုက်ပျိုး
ထုတ်လုပ်နိုင်မှုနှင့် ဆန်ဖူလုံမှု ၊ ပညာရေး၊ ကျန်းမာရေး ၊ စိုက်ပျိုး
မွေးမြူရေး နှင့် လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်ပြီးစီးမှု တို့ကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား
ပြောကြားသည်။
နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ ကော့မှူးမြို့နယ်၊
ဆင်ခြံကျေးရွာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက်ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနှင့်
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိပြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာ
သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တကေတုမာလာ အားဖူးမြော်ကြည်ညိုပြီး သင်္ကန်းနှင့်
လှူဖွယ်ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကာ သီလခံယူ ဆောက်တည်၍ လှူဒါန်းမှု အစုစုအတွက်
ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသား၊
ကျောင်းသူများ၏ ပညာသင်ကြားနေမှုနှင့် တိုးတက်မှု၊ သင်ကြားပြသမှု အခြေအနေတို့နှင့်
စပ်လျဉ်း၍ သိရှိလိုသည်များကို ဆရာ၊ ဆရာမများ အား မေးမြန်းပြီး လိုအပ်သည်များကို
မှာကြားသည်။
ထိုမှတဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
မကျီးကန်ကျေးရွာတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့်
ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ပညာရပ်သင် တန်း ကျောင်း (HCTA) သို့ရောက်ရှိပြီး
ကျောင်းသား၊ ကျောင်းသူများ၏ စာတွေ့ လက်တွေ့ သင်ကြားနေမှုများနှင့် သင်တန်းကျောင်း
ပရိဝုဏ်အတွင်း စိုက်ပျိုးထားရှိသည့် ဓာတုကင်းလွတ် စိုက်ခင်းကို ကြည့်ရှုအားပေးရာ
တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သင်တန်းသား၊
သင်တန်းသူများနှင့် တွေ့ဆုံကာ ဆုံးမသြ၀ါဒ စကားပြောကြားသည်။
အဆိုပါ သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်က
စတင်ဖွင့်လှစ်ခဲ့ပြီး လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် ဟိုတယ်ဝန်ဆောင်မှု နှင့်
အချက်အပြုတ် ဆိုင်ရာ ပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ကော့မှူးမြို့ရှိ ပတုပ်အခြေခံ ပညာမူလတန်း လွန်ကျောင်းသို့ ရောက်ရှိပြီး
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် အတွင်း ကျောင်းသား၊ ကျောင်းသူများ
စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံများ ပြည်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့မှူးမြို့နယ်
မကျီးကန်ကျေးရွာ၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဆောင်ရွက်နေသည့် ၄ ဒသမ ၉၈ ဧကရှိ
ဓာတုကင်းလွတ် စပါးစိုက်ခင်းသို့ ရောက်ရှိပြီး ရွှေဘိုပေါ်ဆန်းစပါး အမျိုးအစားများ
ပျိုးထောင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment