Friday, July 13, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ ခေါင်းဆောင် များအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံ(တတိယအစည်းအဝေး)သို့ တက်ရောက် လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များအား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ၀န်ကြီးဦးမင်းသူ၊ ဦးခင်မောင်တင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကေအင်န်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးတပ်မတော်(RCSS)မှ ဦးဘောင်ခေးနှင့် ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူဇင်ကျုံး၊ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောမူရှေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA) (PC) အထွေထွေအတွင်းရေးမှူး နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကြာဟားတို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အချိန်ဇယားချမှတ်ဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေးနွေး ပွဲအဆင့် ဆင့်တွင် ကြုံတွေ့နေရသည့် အခက်အခဲ များဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများရှာဖွေရေး၊ ထိုသို့နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် အဓိကကျသည့် ခေါင်းဆောင်များအကြား ပိုမိုနီးကပ်စွာရှေ့သို့ ဆွေးနွေးနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
Ref; Myanmar State Counsellor Office

No comments:

Post a Comment