Saturday, July 14, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ



မကွေး  ဇူလိုင် ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ မကွေးတိုင်း ဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုးစားပြီး စေတနာထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၂၀၁၈-ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်များမှာ  မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်၊ မင်းဘူးမဲဆန္ဒနယ် အမှတ်(၂)အပါ စုစုပေါင်း (၁၃) နေရာဖြစ်ကြောင်း။
ယခုအခါ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အနေဖြင့် သက်ဆိုင်ရာ လစ်လပ်မဲဆန္ဒနယ်များ အလိုက် အမည်စာရင်း တင်သွင်းကြပြီးဖြစ်၍ စိစစ်၊ အတည်ပြုခြင်း လုပ်ငန်းစဉ်ကို တာဝန်ယူ ဆောင်ရွက်ကြသည့် ခရိုင်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့အတူ ကြိုတင်မဲပေးခြင်း၊ မဲရုံများ၌ မဲပေးခြင်းလုပ်ငန်းစဉ်များ ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရလဒ်များရေတွက်ခြင်း၊ ကပ်ထား ကြေညာခြင်း လုပ်ငန်းစဉ်များကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။
ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြသည့်အခါ အဆင့်ဆင့် ကိုယ်စီတာဝန်ယူတာဝန်ခံမှုနှင့် ပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် အောင်မြင်သည့် ရလာဒ်ကို ရရှိမည်ဖြစ်ပါကြောင်း။ ရွေးကောက်ပွဲ လုပ်ငန်းများကို ကော်မရှင်တစ်ခုတည်း ဆောင်ရွက်ရခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများနှင့် မဲဆန္ဒရှင် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း။ အားလုံးတက်ညီလက်ညီနှင့် မှန်မှန်ကန်ကန် ပူးပေါင်းကူညီ ဆောင်ရွက်ကြမှသာလျှင် ပြည်သူများ လက်ခံယုံကြည်သည့် တရားမျှတသည့် ရွေးကောက်ပွဲ  ဖြစ်လာမည်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် အဖွဲ့ဝင်အသစ်များဖြစ်သည့် အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွန်များ၊ မဲရုံမှူး ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်စာအုပ်များကို ပိုမိုလေ့လာထားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံဖြစ်သလို နိုင်ငံတော် တည်ဆောက်ရာတွင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး၊ မဏ္ဍိုင်ကြီး (၃)ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်နှင့်အညီ လုပ်ငန်းစဉ်များကိုလည်း တရားမျှတမှု ရှိရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ အများယုံကြည်လက်ခံရန် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများ အားလုံးအနေဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် မှန်မှန်ကန်ကန်ဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်  အဓိကမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။    
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment