နေပြည်တော် ဇူလိုင် ၁၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ အား နေပြည်တော်ရှိ
နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ယနေ့ညနေ ၄ နာရီတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွက်
ဂျပန်နိုင်ငံမှ အကူအညီပေး ဆောင်ရွက်ရန်ရှိသည့် စီမံချက်များအနက်မှ ဦးစားပေးစီမံချက်
(၆၀) ကျော်အား အကောင်အထည်ဖော်သွားမည့်ကိစ္စ၊ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊
ရန်ကုန်မြို့ပတ်ရထား စီမံကိန်းအပါအ၀င် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်စေရေးအတွက်
ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု ချောမွေ့စေရေးအတွက်
GPS စနစ် ထိန်းချုပ်ရေး စခန်းများ တည်ဆောက်ရေးကိစ္စ၊ ဟံသာဝတီ နိုင်ငံတကာလေယာဉ်ကွင်း
တည်ဆောက်ရေးကိစ္စ၊ မြန်မာ-ဂျပန် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းဖွင့်လှစ်ရေး ကိစ္စအပါအ၀င်
စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်သည့် စီမံချက်များနှင့်ပတ်သက်သည့် တိုးတက်မှုများအား
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ၂၀၁၆-၂၀၂၀ အတွက် (၅) နှစ်တာ ကာလအတွင်း ဂျပန်ယန်းငွေ
(၈၀၀) ဘီလီယံ ပံ့ပိုးသွားရန် ကတိပြုထားသည်။
ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင်
ပါဝင်ကူညီဆောင်ရွက် ပေးသွားမည့်လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment