Tuesday, May 22, 2018

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ


နေပြည်တော် မေ ၂၁
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ ၁၉ ရက် ညပိုင်းတွင် ဟားခါးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီး ပါကြောင်း၊ ချင်းပြည်နယ်သည် အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးများထက် အစစအရာရာ၌များစွာ နောက်ကျနေ ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိအနေဖြင့် ယခုနှစ်ထဲမှာပင် ပထမအကြိမ် ချင်းပြည်နယ် တောင်ပိုင်းသို့ သွားရောက်ခဲ့ပြီး ယခုမြောက်ပိုင်းသို့ လာရောက်ခြင်းဖြစ်ပါကြောင်း၊ မကြာမီနှစ်များအတွင်း ချင်းပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍသစ်အဖြစ် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ်ကိုဖွင့်လှစ်နိုင်ရန် စီမံကိန်းအား အကောင်အထည် ဖော်နေပြီဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသောဖွံ့ဖြိုးရေး စီမံကိန်းများတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖတစ်ဦးကတင်ပြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုး ဖြည့်ဆည်းပေးသွားမည့် အစီအစဉ်များကို ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။
ထို့နောက် ဟားခါးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများ ရေးဆွဲနေမှုနှင့် မြို့ရေပေးဝေရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့က ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ဒုတိယသမ္မတကပေါင်းစပ်ညှိနှိုင်းပေးပြီးတွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ ရှုခင်းသာမျှော်စင်သို့ ရောက်ရှိရာတာဝန်ရှိသူများက မျှော်စင်တည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေမှုနှင့် ချင်းရိုးရာတံခါးတပ်ဆင်မည့် အခြေအနေများကိုလိုက်လံ ရှင်းလင်း ပြသကြသည်။
ထို့နောက် ဟားခါး- ဂန့်ဂေါလမ်းပေါ်ရှိမိုင်တိုင် အမှတ် ၁၇/ ၅ အနီးတောင်ပြိုရှောင်ကွင်းလမ်းအဖြစ် တံတား တည်ဆောက်ရန် လျာထားသည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တောင်ပြိုကျမှုများ မဖြစ်ပေါ်စေရေးအတွက် မြေထိန်းနံရံများ တွင် ဗတီဘာမြက်မျိုးစိုက်ပျိုးသွားရန် မှာကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လမ်သုတ်ရွာအနီးရှိ လမ်းအထူးအဖွဲ့(၁၂)၏ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွဋ်ကဟားခါး - ဂန့်ဂေါ- ပုလဲ- မုံရွာလမ်းအားအဆင့်မြှင့်တင်နေမှု၊ ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့အား အဓိကဆက်သွယ်ပေးသည့် ဟားခါး- မတူပီလမ်းနှင့် မတူပီ- ပလက်ဝလမ်းများအား ဘဏ္ဍာနှစ်အလိုက် ကတ္တရာနှင့် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ၊ လမ်းပိုင်းတစ်လျှောက်၌ မြေပြိုကျမှုများကာကွယ်ရေးအတွက် မြေထိန်းနံရံများနှင့် ရေနှုတ်မြောင်းများ တည်ဆောက်နေမှု၊ မိုးရာသီတွင် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ပါကအချိန်နှင့် တစ်ပြေးညီရှင်းလင်း နိုင်ရေးအတွက် စက်ယန္တရားများ ကြိုတင်စုဖွဲ့ထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းတင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတကလိုအပ်သည်များကို ဖြည့်ဆည်းပေးပြီးချင်းပြည်နယ်သည် မိုးများသည့်ဒေသ ဖြစ်၍ တောင်ပေါ်လမ်းများ ရေရှည်ကြံ့ခိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းမီရန်နှင့် ရေနှုတ်မြောင်းများကောင်းမွန်ရန် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လမ်းပိုင်းများတစ်လျှောက်ရှိ မြေထိန်းနံရံ များနှင့် အတူဖောက်လုပ်ထားသည့် ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိအောင် ဂရုတစိုက်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း မှာကြားသည်။
ယင်းနောက် ဟားခါး- ဂန့်ဂေါ လမ်းပိုင်းအခြေအနေများကိုမော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုံကျွေး ကျေးရွာ၌ ဒေသခံပြည်သူများက ရိုးရာဓလေ့များအတိုင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဟားခါးမြို့နယ် လေအွမ် (ခ) ကျေးရွာအနီးရှိ ဘုံဇုံးဒေသ LungrangKlang ထုံးကျောက်တောင်သို့ ရောက်ရှိရာ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိဘုံဇုံးဒေသထုံး ကျောက်တောင်အား အသေးစိတ်ပြန်လည်တိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတကဤဒေသတွင် ထုံးကျောက်ထုတ်ယူ ရရှိနိုင်မှုဆန်းစစ် တွေ့ရှိချက်အရ တစ်နေ့လျင် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေကောင်းများ တွေ့ရှိရပါကြောင်း၊ ယင်းစီမံကိန်း အကောင်အထည်ဖော်နိုင်ပါက ချင်းပြည်နယ်သာမက ဆက်စပ်နေသည့် မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့၏ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့အတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လိုအပ်သော ဘိလပ်မြေများကိုကရင်ပြည်နယ် မြိုင်ကလေးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တို့မှ သယ်ယူနေရသည့်အတွက် ကုန်ကျစရိတ် သက်သာလျော့နည်း သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်လည်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) တိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် အလေးထား စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာကြားသည်။
ဘုံဇုံးဒေသထုံးကျောက်တောင်၏ ဧရိယာ ၃၆ ဒသမ ၈ စတုရန်းကီလိုမီတာအတွင်းမှ သ-၂ နှင့် သ-၃ အဆင့်ရှိ ထုံးကျောက်တန်ချိန် ၅၁၁ ဒသမ ၁၃ သန်းတန်ထွက်ရှိမည်ဟုမြေပြင်ကွင်း ဆင်းတိုင်းတာချက်များအရ သိရှိရပြီး၎င်းနှင့် ဆက်စပ်ဧရိယာများတွင် ထုံးကျောက်အမြောက်အမြားထပ်မံတွေ့ရှိနိုင်သဖြင့် ထိုမှတစ်ဆင့် ဘိလပ်မြေနှင့်အလှဆင် ကျောက်ပြားစက်ရုံစီမံကိန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် ဟားခါးမြို့နယ် ဘုံဇုံးကျေးရွာခန်းမသို့ ရောက်ရှိပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပံ့ပိုးပေးမည့် အစီအစဉ်များကိုပြန်လည်ရှင်းလင်းပြောကြားကြသည်။
ဒုတိယသမ္မတကဒေသခံပြည်သူများ၏ လတ်တလောလိုအပ်ချက်များနှင့် ရေရှည်ပံ့ပိုးဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များ အားစနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်မည့် စီမံကိန်းများတွင် မိမိဒေသချစ်ခင်မြတ်နိုးသောစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်ပြောကြား၍ ကျေးရွာနေ ပြည်သူများအားခင်မင်ရင်းနှီးစွာနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဂန့်ဂေါ- ပုလဲ- မုံရွာအဓိက ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်း တစ်လျှောက် လမ်းအဆင့်မြှင့်တင်နေမှု၊ လမ်းပိုင်းကြံ့ခိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ လူမှုစီးပွားဘ၀ အခြေအနေများကိုမော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအနီးရှိ လမ်းဦးစီးဌာန ရှင်းလင်း ဆောင်သို့ ရောက်ရှိရာစစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်ဦးကမုံရွာ- ပုလဲ- ဂန့်ဂေါလမ်း သည် အာဆီယံ- အာရှ အ‌ဝေး‌ပြေးလမ်းမကြီးတွင် ပါဝင်ပြီးအရှည် ၆၇ မိုင်ရှိ၍ လမ်း၏ ၂၀ မိုင် ၅ ဖာလုံအား ၁၂ ပေ အကျယ်မှ ၁၈ ပေအကျယ်သို့ လမ်းချဲ့ထွင်ရန် ဆောင်ရွက်နေမှု၊ လမ်းပိုင်းပေါ်ရှိတံတားများအား သတ်မှတ် အကျယ် ချဲ့ထွင်ရန် လိုအပ်နေမှု၊ တောင်ပေါ်လမ်းပိုင်းများအားမြေပြိုကျမှုမှကာကွယ်ရန် မြေထိန်းနံရံများတည်ဆောက် သွားရန် လိုအပ်မှု၊ တောင်ပေါ်လမ်းပိုင်းရှိအတက် - အဆင်းခက်ခဲသည့် နေရာများအား ကိုးရီးယားနိုင်ငံအကူအညီဖြင့် စူးစမ်းလေ့လာဆောင်ရွက်ခဲ့မှုနှင့် ၎င်းလမ်းပိုင်းနေရာများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ရန် လိုအပ်မှုတို့ကို ရှင်းလင်းတင်ပြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ဌာနမှပံ့ပိုးဖြည့်ဆည်းနေမှုများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတကလမ်းပိုင်း အဆင့်မြှင့်တင်မှုများအတွက် လိုအပ်သောဘဏ္ဍာငွေလျာထား တင်ပြသွားရန်၊ ရရှိလာသည့် ဘဏ္ဍာငွေကိုလည်း လေလွင့်မှုမရှိအောင် စနစ်တကျစီမံစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လမ်းအရည်အသွေးစံသတ်မှတ်ချက် များပြည့်မီရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပခုက္ကူ-မုံရွာ လမ်းပေါ်ရှိ တောင်ယမားတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်ဦးက တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တံတားဆိုင်ရာ သတ်မှတ်အရည်အသွေးများနှင့်အညီ တည်ဆောက်သွားရန် မှာကြားသည်။
တောင်ယမားချောင်းတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပခုက္ကူ - မုံရွာလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၂၄၀၊ တံတားအကျယ် ပေ ၃၀ နှင့် တံတား၏ ခံနိုင်ဝန်မှာတန် ၆၀ ဖြစ်သည်။ တံတားအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီးယခုနှစ် ၆ လ ဘတ်ဂျက်အတွင်းအပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ မေလ ၁၆ ရက်မှ ၂၀ ရက်အထိခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ စိုက်ပျိုးမြေဧရိယာဧက ၂၁၈ ဒသမ ၉၀ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရှိ စိုက်ပျိုးမြေဧရိယာဧက ၄၀၁ ဒသမ ၀၄ ဧကနှင့် မြေလွတ်မြေရိုင်းစုစုပေါင်းဧက ၅၁၆၀ ဒသမ ၇၂ ဧကတို့ကိုပြန်လည် စွန့်လွှတ်အပ်နှံပွဲများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း၌ မြစ်ကမ်းထိန်းနံရံများ၊ တောင်ပေါ်မြေထိန်းနံရံ များနှင့် သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံများ တည်ဆောက်နေမှုအပါအဝင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်နေမှုများ၊ ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုတိုးမြှင့် နိုင်ရေးအတွက် ဆေးရုံများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တိုးချဲ့တည်ဆောက်နေမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာဆရာမများဖြည့်ဆည်းပေးခြင်းနှင့် ကျောင်းများအဆင့်မြှင့်တင်ပေးနေမှု၊  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှာလ်လုမ်းခံတပ်၊ ရိဒ်ရေကန်၊ ဇိန်မှုတောင်အမျိုးသားဥယျာဉ်နှင့် လိုင်သီလီရေကန်တို့အား အခြေပြု၍ သဘာဝခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှု၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်မှု၊ ရွှေ့ပြောင်း တောင်ယာအစားထိုးပိုးစာပင်နှင့် ကော်ဖီပင် စိုက်ပျိုးရေးတို့အား တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ချင်းပြည်နယ်၏ အဓိက ဆက်သွယ်ရေးလမ်းများဖြစ်သည့် ကလေး- တီးတိန်- တွန်းဇန်- ကျီခါးလမ်း၊ တီးတိန်- ရိဒ်ခေါဒါရ်- ဖလမ်း- ဟားခါးလမ်းနှင့် ဟားခါး- ဂန့်ဂေါလမ်းများကြံ့ခိုင်ကောင်းမွန်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ၏ လတ်တလော လိုအပ်ချက်များနှင့် ရေရှည်ဖြည့်ဆည်းပေးရမည့် လုပ်ငန်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment