Tuesday, May 22, 2018

သစ်တောမြေနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များ မြှင့်တင်ရေး ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ




နေပြည်တော် မေ ၂၂

သစ်တောမြေနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များ မြှင့်တင်ရေး ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်ရှိ Hotel Max တွင် ယနေ့ ၊ နံနက်(၉)နာရီ ၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက နိုင်ငံတော်၏ သယံဇာတ အရင်းအမြစ်များကို အကျိုးရှိ ဆုံးဖြစ်အောင် စနစ်တကျ အသုံးချနိုင်ရေးသည် အလွန် အရေးကြီး ပါကြောင်း၊ မြေသယံဇာတများ စီမံခန့်ခွဲရာတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေး ဆိုင်ရာ ရှုဒေါင့်မျိုးစုံမှ သုံးသပ်ပြီး မှန်ကန်ပြည့်စုံသော မူဝါဒ၊ ခိုင်မာသော ဥပဒေမှုဘောင်နှင့် စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်ရေး စံနစ်များကို ချမှတ်ကျင့်သုံး အကောင်အထည်ဖော်ရန် ကိစ္စသည် လွန်စွာအရေးကြီး ပါကြောင်း၊
အမျိုးသား မြေအသုံးချမှု မူဝါဒ၏ ရည်ရွယ်ချက်များမှာ တိုင်းရင်းသား လူမျိုးများ၏ ဓလေ့ထုံးတမ်း၊ မြေယာ လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ် နည်းများကို အသိအမှတ်ပြု ကာကွယ်ပေးရန် အတိအလင်း ဖော်ပြထားပြီး တိုင်းရင်း သားများ၏ မြေအသုံးချမှု အခွင့်အရေးများနှင့် ဆက်စပ်ပြီး အမျိုးသားမြေ အသုံးချမှုမူဝါဒမှာ အပိုင်းတစ်ခု အနေဖြင့် ထည့်သွင်း ပြဌာန်း ထားပါကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရန်နှင့် ဂေဟစနစ်များ ပိုမိုအားကောင်း လာစေရန် သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများအပြင် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းကို (၁၀)နှစ် စီမံကိန်းရေးဆွဲ ပြီး အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် အညီ အမျိုးသား မြေအသုံးချမှု မူဝါဒ၏ လမ်းညွှန်ချက်များကို အသုံးပြုပြီး သစ်တောမူဝါဒ၊ သစ်တောဥပဒေများကို ပြန်လည် သုံးသပ်ရန် သစ်တောဦးစီးဌာန အနေဖြင့် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း၊
အထူးသဖြင့် သစ်တောများ ပြုစုထိန်းသိမ်းရာတွင်လည်းကောင်း၊ စီမံအုပ်ချုပ် ရာတွင် လည်းကောင်း၊ ပြည်သူများ ထိရောက်စွာ ပါဝင်နိုင်ရန် မူဝါဒနှင့်ဥပဒေများကို လက်ရှိအနေအထားထက် ပိုမိုအားကောင်းစွာ ပြင်ဆင်ရေးသားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
အလုပ်ရုံဆွေးနွေး ပွဲသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူ ပညာရှင်များ၏ ဆွေးနွေးပွဲမှ သစ်တောမြေအတွင်း မှီခိုနေထိုင်ကြသော ဒေသခံပြည်သူများ၏ မြေယာနှင့် အရင်း အမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များ တိုးတက်လာစေရန် မူဝါဒနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ထည့်သွင်း အသုံးပြု နိုင်မည့် နည်းလမ်းများနှင့် ဦးစားပေး လုပ်ငန်းစဉ်များကို အတူတကွ ဖော်ထုတ်နိုင်စေရန် အကြံဉာဏ်များ၊ ရလဒ်ကောင်းများ ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပညာရှင်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment