Tuesday, May 22, 2018

အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





နေပြည်တော် မေ ၂၂

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (၂၀၁၈-၂၀၁၉) ပညာသင်နှစ် ပညာရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့် အမှာ စကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အစိုးရ၏ နှစ်နှစ်တာကာလအတွင်း ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်း ထွက်နှုန်း လျော့နည်းပြီး ကျောင်းနေမြဲနှုန်း အတန်းကူးပြောင်းနှုန်းနှင့် သင်ယူပြီးမြောက်နှုန်း ပိုမိုမြင့်မားအောင် အလေးထားကြိုးပမ်း ဆောင်ရွက်နေ ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့မှုကြောင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မား လာပါကြောင်း၊ အခမဲ့ပညာရေးစနစ် ဖော်ဆောင်နေမှုကြောင့် ကျောင်းသား ဦးရေ သိသာစွာ တိုးတက်လာနေသည်ကို တွေ့ရပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ကြား သင်ယူမှု အရည်အသွေးများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ကြရ မည်ဖြစ် ပါကြောင်း။
ယခုပညာသင်နှစ်တွင် အဆင့်တိုးကျောင်းများအတွက် လိုအပ်သော စာသင်ဆောင်၊ ပရိဘောဂ သင်ထောက်ကူ ပစ္စည်းများနှင့် ဆရာ ဆရာမ လိုအပ်ချက်များကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုဘဏ္ဍာပေါ်မူတည်၍ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူများ၊ ဒေသခံပြည်သူ များ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ကျောင်း ထွက်နှုန်း လျော့ပါးအောင် မိဘ ဆရာအသင်းနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြ စေလိုကြောင်း၊ ကျောင်း ဖွံ့ဖြိုးရေး ရန်ပုံငွေများကို စနစ်တကျ ထိရောက် ပွင့်လင်းမြင်သာစွာ သုံးစွဲဆောင်ရွက် ကြရန်နှင့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ စနစ်တကျ၊ တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နှင့် အဆင့်အလိုက်တာဝန်ယူ၊ တာဝန်ခံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment