Wednesday, May 9, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေး ၀န်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး H.E. Mr. Zhao Kezhi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ၀န်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် လည်း တက်ရောက်သည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Paul R. Seger နှင့် တာဝန်ရှိသူများအား ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ၂၀၁၉-၂၀၂၃ (၅) နှစ်တာကာလဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment