Friday, May 18, 2018

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဇွန်လအတွင်း ကျင်းပမည်



နေပြည်တော် မေ ၁၈
နိုင်ငံအတွင်း ထွက်ရှိသော ကျောက်မျက်ရတနာ သယံဇာတများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ တူးဖော် ထုတ်လုပ်ရေး ဈေးကွက်ရရှိရေးနှင့် သတ်မှတ် အခွန်အခများ ပေးသွင်းရေးတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိရာ  ကျောက်မျက် ရတနာ လုပ်ငန်းရှင်များကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌  ၂၀၁၈ ခုနှစ်  ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပ ပြုလုပ်သည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယခုပြပွဲသည် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားငွေ (ယူရို)ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ၄ ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှ ကျောက်မျက်ရတနာ ရောင်းချရငွေ ယူရို ၃၈၉ ဒသမ ၄၂ သန်း ၊ ၂၀၁၆ ခုနှစ် နှစ်လည်တွင် ကျင်းပသည့် ကျောက်မျက် ရတနာပြပွဲမှ ကျောက်မျက်ရတနာ ရောင်းချရငွေ ယူရို ၂၈၉ ဒသမ ၆၀ သန်း၊ ၂၀၁၇ ခုနှစ် ၅၄ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲမှ ကျောက်မျက်ရတနာ ရောင်းချရငွေ  ယူရို ၄၂၂ ဒသမ ၄၂ သန်း၊ ၂၀၁၇ ခုနှစ် နှစ်လည်တွင် ကျင်းပသည့် ကျောက်မျက် ရတနာပြပွဲမှ ကျောက်မျက်ရတနာ ရောင်းချ ရငွေ ယူရို ၃၄၇ ဒသမ ၀၁ သန်း ရောင်းချရကြောင်း ယနေ့ဆွေးနွေးပွဲမှ သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှ စတင်ပြီး  ကျောက်မျက် ရတနာပြပွဲများ ကျင်းပလာခဲ့ပြီး ကျောက်မျက် ရတနာများကို နိုင်ငံခြားငွေဖြင့် ရောင်းချခဲ့ကာ ယခုကျင်းပမည့် ကျောက်မျက် ရတနာပြပွဲသည် ( ၉၃)  ပွဲမြောက် ပြပွဲဖြစ်ကြောင်း ယနေ့ အစည်းအဝေးမှ သိရသည်။
သတင်း- မင်းသစ် (MNA)
ဓာတ်ပုံ- အေးသန်း

No comments:

Post a Comment