Saturday, April 21, 2018

အာဆီယံမြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်


ရန်ကုန် ဧပြီ ၂၁
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် အာဆီယံ မြို့ကြီးများ၌ HIV ကင်းစင်ရေး ဒေသဆိုင်ရာအစည်းအဝေးကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွိုင်ရယ်ဟင်္သာ ဟိုတယ်တွင် ဧပြီ ၂၀ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်တွင် HIV / AIDS ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက HIV / AIDS ရောဂါသည် နိုင်ငံများအားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းအားထုတ်မှုကြောင့် အောင်မြင်မှုများ သိသာစွာရရှိနေသော်လည်း မိမိတို့အနေဖြင့် ကျေနပ်နှစ်သိမ့်ရောင့်ရဲ မနေသင့်ဘဲ ရောဂါ၏သဘာဝနှင့် ရောဂါဖြစ်ပွားမှုအခြေအနေကို ရှုထောင့်ပေါင်းစုံမှ သတိမပြတ် ဆက်လက် စောင့်ကြည့် ရန် လိုအပ်ကြောင်း၊ စုံစမ်းထောက်လှမ်းသော်လည်း မတွေ့ရှိသည့် ပုန်းကွယ်နေသည့် လူနာများရှိနေနိုင်ကြောင်း၊ အာဆီယံနိုင်ငံများ၏ မြို့တော်များတွင် HIV / AIDS  ကင်းစင်ရေး စီမံချက်ကို HIV ပိုးကူးစက်ခံရသူ အသစ်မရှိရေး၊ HIV / AIDS နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှု လုံးဝမရှိရေးနှင့် AIDS ရောဂါဖြင့် သေဆုံးသူမရှိရေး စသည့်ရည်ရွယ်ချက်များဖြင့်  ၂၀၁၁ ခုနှစ်မှ စတင်၍ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အကျိုးရှိထိရောက်စွာဖြင့် အာဆီယံမြို့တော်များ၌   အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
HIV / AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ်မှ အဆုံးသတ်ရပ်တန့်နိုင်ရေးအတွက် လက်တွေ့ကျသော လုပ်ငန်းစဉ်များ၊ စီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း။
ယခု G2Z စီမံချက် အောင်မြင်ရေးအတွက် ထောက်ပံ့ကူညီပေးသော မူဝါဒနှင့် ဥပဒေများရှိရေး၊ သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရပ်လုပ်ငန်းများ၊ ဝန်ကြီးဌာနများ အကြားတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုကောင်းခြင်း၊ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊
ယခုအချိန်ထိ မြန်မာနိုင်ငံရှိ မော်လမြိုင်မြို့အပါအဝင် ASEAN နိုင်ငံ (၈) နိုင်ငံရှိ မြို့ကြီး (၅၀) ၌ G2Z စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဘားအံမြို့နှင့် မြဝတီမြို့များ၌လည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ဤဒေသဆိုင်ရာ အစည်းအဝေးသည် တက်ရောက်လာသော နိုင်ငံများအကြား အဖိုးတန် အတွေ့အကြုံများ၊ သင်ခန်းစာ များ၊ ချဉ်းကပ်ဆောင်ရွက်ပုံ နည်းလမ်းသစ်များကို အပြန်အလှန် မျှဝေနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဤအစည်း အဝေးမှတဆင့် HIV / AIDS ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ တည်တံ့ခိုင်မြဲသော အောင်မြင်မှုများရရှိနိုင်မည့် လက်တွေ့ကျသော နည်းလမ်းနှင့် အဖြေများကိုဆွေးနွေး ထုတ်ဖော်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အမြစ်တွယ် နေသော ဤ HIV / AIDS ရောဂါအန္တရာယ်ကြီးကို ပြန်လည်ခေါင်းထောင် ဦးမော့မလာနိုင်သည်အထိ ကင်းစင်အဆုံး သတ်သွားစေရန် မိမိတို့အားလုံးစုပေါင်းပြီး နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ချည်းကပ်ကြိုးပမ်းဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသောပုဂ္ဂိုလ်များသည် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယနေ့အစည်းအဝေးသို့ အာဆီယံအရှေ့တောင်အာရှ (၈) နိုင်ငံမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် မုတ္တမတိုက်နယ် ဆေးရုံ၊ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံ၊ ခုတင် (၁၀၀) ဆံ့ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ယင်းနောက် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အလှူရှင်ဟာဂျီမဒေါ်တိုးကြည်နှင့် အလှူရှင်များမှ ကျပ်ငွေ (၆၆၂) သိန်းကျော်ဖိုးခန့် လှူဒါန်းထားသည့် ကျောက်ကပ်သွေးသန့်စင်စက်နှင့် ဆေးဝါးပစ္စည်းများ၊ သထုံမြို့နယ် ဆရာတော်ကြီး များဦးဆောင်သော ဂိလာနသံဃာ့ဆေးရုံ စောင့်ရှောက်ရေးအဖွဲ့မှ သိန်း (၂၄၆၆) တန်ဖိုးဖြင့် လှူဒါန်းဆောက်လုပ်ခဲ့သော (၁၆) ခုတင်ဆံ့ သံဃာဆောင် အဆောက်အဦတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment