Saturday, April 21, 2018

တရာစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ အထူးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဧပြီ ၂၁
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ အထူးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက
အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းထားပြီး မိမိတို့ တရားသူကြီးများနှင့် တရားရေးအရာရှိများသည် တရားရုံးအဆင့်ဆင့်၏ တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရသူများ ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရေး၊ ပြည်သူ အများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ပေါ်ထွန်းရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၅ - ၂၀၁၇) ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈ - ၂၀၂၂) ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားစီရင်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ပြီးလည်းဖြစ်ကြောင်း၊ ယခုအခါ တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် စီရင်ဆုံးဖြတ်ရေး၊ အဂတိတရား ကင်းစင်ရေး၊ တရားရုံး သက်သေခံပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲရေး၊ မှန်ကန်မျှတသော ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေးတို့ကို အထူးဦးစားပေး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တို့က အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကြပ်မတ်ဆောင်ရွက်ရန်အတွက် တာဝန်များ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သို့မှသာ တရာစီရင်ရေး၏ ရည်မှန်းချက်ဖြစ်သည့် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရေးနှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ အထူးဦးစားပေး လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမှာဖြစ်ကြောင်း ပြောကြားသည်။ အထူးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ တက်ရောက်ကြသည်။ အဆိုပါ အထူး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment