Tuesday, April 10, 2018

ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ဖွင့်လှစ်


ဂန့်ဂေါ ဧပြီ ၁၀

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဂန့်ဂေါခရိုင်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဧပြီ ၁၀ ရက် နံနက် ၈ နာရီ က ဂန့်ဂေါမြို့ ဂန့်ဂေါ- ထီးလင်း ကားလမ်း၊ လောင်ထောင်ချောင်းကူး တံတားအနီး အဆိုပါရုံးရှေ့၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။


အဆိုပါ အဆောက်အအုံများမှာ အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၂၄ ပေ ရှိ ၂ ထပ် ရုံးအဆောက်အအုံနှင့် သိုလှောင်ရုံမှာ အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၄ ပေ ရှိ တစ်ထပ် အဆောက်အအုံတို့အပြင် ရုံးဝိုင်းခြံစည်းရိုးများ ဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က စတင်ဆောက်လုပ်ခဲ့၍ မတ် ၃၁ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ရုံးပင်မ အဆောက်အအုံနှင့် သိုလှောင်ရုံတို့အတွက် ခွင့်ပြုငွေမှာ ၁၅၆ ဒသမ ၀၈ ကျပ်သန်း ဖြစ်ပြီး ခြံစည်းရိုးမှာ ခွင့်ပြုငွေကျပ် သိန်း ၄၀ ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန သိုလှောင်ရုံတွင် သဘာဝဘေးန္တရာယ် ကျရောက်သူများအား ချက်ချင်း ထောက်ပံ့ကူညီနိုင်ရန် အိမ်ထောင်စု ၅၀၀ အတွက် ထောက်ပံ့ပစ္စည်းများ သိုလှောင်ထားကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment