မယ်စဲ့ ဧပြီ ၁၁
ကယားပြည်နယ်
အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်တို့နှင့်အတူ
ဧပြီ ၁၀ ရက် နေ့လယ်က မယ်စဲ့မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လှည့်လည်
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ပြည်နယ် ခွင့်ပြုငွေကျပ် ၁၅၆ဒသမ၅ သန်းဖြင့် လယ်ဧက ၃၀၀ခန့်ကို
ရေပေးဝေနိုင်မည့် နန့်မန်း ရေလွှဲဆည်နှင့် ရေပေးမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု
အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဘောလခဲခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
ဦးစီးအရာရှိ ဦးအောင်ထွန်းဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြမှု
အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်ပြီး
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုငွေကျပ် ၇၅ဒသမ၆၃သန်းဖြင့်
မိုးထက်ကြယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြို့နယ်ဘောလုံးကွင်းမြက်စိုက်ခြင်း၊ ဘောလုံးကွင်း
ဘေးအုတ်ရိုး စီခြင်းလုပ်ငန်းနှင့် မြေကာနံရံ ကျောက်စီခြင်း လုပ်ငန်းတို့ကိုလည်းကောင်း၊
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဈေး (ယာယီဈေး) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေ၊
ဈေးအိမ်သာနှင့် ရေချိုးခန်း တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း
အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည်
နေ့လည် ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ
မြို့နယ်၊ စည်ပင်ကော်မတီဝင်များ၊ မြို့မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသ၏လိုအပ်ချက်များ
တင်ပြစေပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်
မယ်စဲ့ ကုန်သွယ်ရေးစခန်း ကုန်စစ်ဆင် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ
လည်ပတ် ဆောင်ရွက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အားနည်းချက်များ ပြင်ဆင်ဆောင်ရွက်သွားရန်
မှာကြားခဲ့ပြီး မယ်ဆည်နမ်ကျေးရွာ လွိုင်မောင်းလောင်းတောင်ပေါ်တွင် တည်ထားသော စေတီတော်ပေါ်သို့
တက်ရောက်သည့် တောင်တက်လမ်း ဖောက်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်
စနစ်တကျဖြစ်စေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:
Post a Comment