Sunday, February 25, 2018

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် Partnership Summit 2018 သို့ တက်ရောက်


နေပြည်တော်ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ Visakhapatnam မြို့၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် Partnership Summit 2018 သို့ တက်ရောက်လျှက်ရှိသည်။

အဆိုပါ Partnership Summit 2018 ၏ ဖွင့်ပွဲ အခမ်းအနားကို  ဖေဖော်ဝါရီ  ၂၄ ရက်၊ ဒေသ စံတော်ချိန် ၃  နာရီ၌ Visakhapatnam မြို့၊ Harbour Park ရှိ APIIC Ground Floor တွင် ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဒုတိယသမ္မတ H.E. Mr. M Venkaiah Naidu က ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခဲ့ပြီး၊ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ်Mr. N Chandrababu Naidu နှင့် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Suresh Prabhu တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၉  နာရီ တွင် Visakhapatnam မြို့ရှိ Novotel ဟိုတယ်၌ အိန္ဒိယနိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Suresh Prabhuနှင့် Partnership Summit သို့ တက်ရောက် လာကြသော နိုင်ငံ အသီးသီးမှ ကုန်သွယ်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တွေ့ဆုံသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Partnership Summit 2018 ၏ Plenary Session များဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ရှေ့အလားအလာများနှင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ လုပ်ငန်းစဉ်များ အပေါ် သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်သို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် လွယ်ကူမှုမြှင့်တင်ခြင်း (Promoting Ease of Doing Business) ဆိုင်ရာ ဆွေးနွေးပွဲတွင် Panelist အဖြစ် ပါဝင်တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment