Friday, February 9, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူဆိပ်ကမ်းကို ကြည့်ရှုလေ့လာ


နေပြည်တော်၊ ဖေဖေါ်ဝါရီ ၉
စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံ၌ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စင်ကာပူ ဆိပ်ကမ်း သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ဆိပ်ကမ်းကို PSA Building ပေါ်မှနေ၍ ကြည့်ရှုလေ့လာကြသည်။ ထို့နောက် ဆိပ်ကမ်းထိန်းချုပ်ရေးစင်တာသို့ရောက်ရှိကြပြီး ဆိပ်ကမ်းတွင် ကွန်တိန်နာများကို အလိုအလျောက် အဝေးထိန်းစနစ်ဖြင့် တင်ချဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာကြပြီး ဆိပ်ကမ်းအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။
စင်ကာပူ ဆိပ်ကမ်းကို ၁၉၆၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နိုင်ငံတကာမှ ကွန်တိန်နာသင်္ဘောများ လာရောက် ဆိုက်ကပ်၍ ကုန်သွယ်မှုလုပ်ငန်းများကမ္ဘာပေါ်တွင် ပမာဏအများဆုံး ဆောင်ရွက်လျက်ရှိသည့် ရေနက်ဆိပ်ကမ်းကြီး တစ်ခုဖြစ်သည်။ PSA International ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၌ ကွန်တိန်နာအလုံးရေပေါင်း ၃၃ ဒသမ ၂၅ သန်း TEU  လက်ခံဆောင်ရွက်ခဲ့ပြီး ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ ကရိန်း ၂၀၀ ကျော် အနက်နေ့စဉ် ကရိန်း ၁၄၀ ခန့်ဖြင့် လုပ်ငန်း ဆောင်ရွက်နေကြောင်း၊ တစ်ကမ္ဘာလုံး၏ ကွန်တိန်နာဖြင့် ကုန်သွယ်မှုလုပ်ငန်း၏ ၆ ရာခိုင်နှုန်းနီးပါးခန့် လက်ခံဆောင်ရွက် ပေးနေသည့် ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံးသို့ ရောက်ရှိ ပြီး စစ်သံရုံးဝန်ထမ်းများနှင့် သင်တန်းသား အရာရှိများအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) 

No comments:

Post a Comment