Monday, February 5, 2018

9th Biennial Congress of ASEAN Society of Colorectal Surgeons (ASCS) ညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၅ 
9th Biennial Congress of ASEAN Society of Colorectal Surgeons (ASCS) ညီလာခံဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ(၃)ရက် နံနက်(၉)နာရီတွင် ရန်ကုန်မြို့ရှိ အင်းလျားကန်ဟိုတယ်၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ပထမဦးဆုံးပြုလုပ်သော ဤဆွေးနွေးပွဲ ညီလာခံကြီးသည် အတွေ့အကြုံရင့်ကျက်ပြီး ထင်ရှားကျော်ကြားသော အူမကြီးနှင့် စအိုလမ်းကြောင်း ဆိုင်ရာ ခွဲစိတ်ကုသ ဆရာဝန် များအကြား အတွေ့အကြုံ၊ အသိပညာနှင့် ခွဲစိတ် နည်းပညာ အသစ် များအား ဆွေးနွေးဖလှယ်ရန် အကျိုးရှိသော စင်မြင့်နေရာတစ်ခု ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊
အူမကြီးနှင့်စအိုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားသူလူနာ ကမ္ဘာပေါ်တွင် နှစ်စဉ် (၁) သန်းခန့် ရှိသည်ဟု သိရှိရပြီး ဤကင်ဆာရောဂါ၏ ဝန်ထုပ်ဝန်ပိုးလျှော့ချနိုင်ရန် အတွက်ရောဂါ ဖြစ်ပွားမှုရှိမရှိ စောစီးစွာစစ်ဆေးရန်နှင့် ဖြစ်ပွားပါက ထိရောက်စွာခွဲစိတ်ကုသရန် လိုအပ်သည်သာမက ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် အူမကြီးနှင့်စအိုလမ်းကြောင်း ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆက်စပ်လျက်ရှိသော အစားအသောက်၊ အနေအထိုင်၊ အပြု အမူများ၊ အူမကြီးနှင့် စအိုလမ်း ကြောင်းဆိုင်ရာ ကင်ဆာရောဂါ၏ ကနဦးသတိပေးလက္ခဏာများကို ပြည်သူများသိရှိရန် ကျန်းမာရေး အသိပညာပေးခြင်းအပါအဝင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက် ရန်လိုအပ်ကြောင်း၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှလည်း အူမကြီးနှင့်စအိုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ အပါအဝင် ကင်ဆာရောဂါအမျိုးမျိုး၏ ဖြစ်ပွါးမှုပမာဏကို ခန့်မှန်းသိရှိရန် ကင်ဆာမှတ်ပုံတင်စနစ်ကို စတင်ဆောင်ရွက်နေ ကြောင်း၊ ရောဂါရှာဖွေစစ်ဆေးရန် စက်ပစ္စည်း များနှင့် ခွဲစိတ်ကိရိယာ အသစ်များကိုလည်း ဝယ်ယူထောက်ပံ့ ပေးလျက်ရှိကြောင်း၊ အူမကြီးနှင့် စအိုလမ်းကြောင်းဆိုင်ရာ ကင်ဆာပညာရပ်နယ်ပယ် တိုးတက်လာရန် ခွဲစိတ်ကု သဆရာဝန်များသည် ဓါတ်မှန်နှင့်ပုံရိပ်ဖော် ပညာရှင်များ၊ သူနာပြုများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် အခြားနှီးနွယ် ပညာရှင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန်လိုသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် ASEAN Society of Colorectal Surgeons က Prof: Errawan R. Wiradisuria မြန်မာနိုင်ငံ ဆရာဝန်အသင်း ဒုတိယဥက္ကဌ ဒေါက်တာအေးအောင်နှင့် Colorectal Surgeons အဖွဲ့မှ ဒေါက်တာရှိန်မြင့်တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
9th Biennial Congress of ASEAN Society of Colorectal Surgeons (ASCS) ညီလာခံ အထိမ်းအမှတ် ဆေးပစ္စည်းပြခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့်ASEAN Society of Colorectal Surgeons မှ Prof: Errawan R. Wiradisuria တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၃ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်ပြည်သူ့ ဆေးရုံ သို့  နေ့လယ်ပိုင်းတွင် သွားရောက်၍ ဆေးရုံရှိ လူနာဆောင်များ၊ ဆေးသိုလှောင်ခန်းများကို လှည့်လည် ကြည့်ရှုခဲ့ပြီး အစည်းအဝေးခန်းမတွင် ဆေးရုံရှိ ဝန်ထမ်း များနှင့်တွေ့ဆုံသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတအထွေထွေရောဂါကု ဆေးရုံ ကြီးရှိအစည်း အဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုးချဲ့လူနာဆောင် ဆောက်လုပ်ပြီး စီးမှု၊ ဓါတ်ခွဲခန်း၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ကလေးကုသဆောင်၊ ဓါတ်မှန်ဌာန၊ ကင်ဆာ ဆေးသွင်းကုသပေးမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာနနှင့် ကို ကြည့်ရှု သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညနေ(၅)နာရီတွင် သူနာပြုသင်တန်းကျောင်း (ဟင်္သာတ) ရှိ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံသည်။
ဖေဖော်ဝါရီ(၄)ရက် နံနက်(၉)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံ အုပ်ကြီးရုံးခန်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပုသိမ်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် (၉) ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းအခြေ အနေတို့ကို ဆွေးနွေးသည်။     
ထို့နောက် ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ အထူးကုဆရာဝန်များ၊ ဆရာ ဝန်များ၊ သူနာပြုများနှင့်တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် တိုင်းအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment