Tuesday, February 27, 2018

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ကုလသမဂ္ဂ အထောက်အပံ့ အဖွဲ့အစည်းများ၊ အလှူရှင်အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော်   ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂ အထောက်အပံ့ အဖွဲ့အစည်းများ၊ အလှူရှင် အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအေ၀းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က နိုင်ငံတကာ အဖွဲ့အစည်းများသည် ဝန်ကြီးဌာန လက်တွဲပူးပေါင်း၍ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသော အဖွဲ့များဟု သဘောထား ပါကြောင်း၊          INGO ၏ လုပ်ငန်းဆောင်ရွက် မှုများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်းများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)တွင် ပါဝင်သော မဟာ ဗျူဟာများ၊ လုပ်ငန်းများနှင့် သင့်လျော် ကိုက်ညီမှုရှိရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများကို အားဖြည့်ထောက်ပံ့ပေးရန်၊ ပြည်သူတို့၏ ကျန်းမာရေး အဆင့်အတန်း ယခုထက်ပိုမိုမြှင့်မားလာရေးကို ဦးတည်ထား၍ အပြန်အလှန် အားဖြည့်ဆောင်ရွက်ပေးနိုင်ရန် လိုအပ် ပါကြောင်း။
ယခုအစည်းအဝေးတွင် မိမိတို့အားလုံး ယခုထက်ပိုမို ထိရောက်စွာ မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက် နိုင်မည် ဆိုသည်ကို ပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ လက်ရှိကြုံတွေ့နေသော စိန်ခေါ် မှုများ၊ အခက်အခဲ့များ၊ ကိစ္စများကို ဆွေးနွေးတင်ပြစေလိုပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက တတ်နိုင်သမျှပြေလည်အောင်စီစဉ်  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာန ယခုထက် ထိရောက်လွယ်ကူစွာ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် ကျေးလက်ဒေသနေ ပြည်သူများ၊ ဝေးလံခက်ခဲ ဒေသတွင် နေထိုင်ကြသူ ပြည်သူများ အပါအဝင် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး အဆင့်အတန်း ယခုထက်ပိုမို မြှင့်မား လာစေရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာစုစုလင်းက အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကြုံတွေ့ နေရသည့် အခက် အခဲများနှင့် ဖြေရှင်းရန်စီစဉ်ထားရှိမှုများ၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ် များအား ဆွေးနွေး တင်ပြသည်။ ယင်းနောက် တက်ရောက် လာကြသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များအကြား ယခုထက်ပိုမိုပူးပေါင်းညှိနှိုင်း ဆောင်ရွက် နိုင်မည့် နည်းလမ်း များကိုအကြံပြု ဆွေးနွေး ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment