စစ်တွေ ဖေဖော်ဝါရီ ၉
အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ရခိုင်ပြည်နယ်တွင်
နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် နိုင်ငံတော်အစိုးရ၏
စီမံဆောင်ရွက် ထားရှိမှု အခြေအနေများကို နိုင်ငံတကာအသိုက်အ၀န်းသို့ မှန်ကန်တိကျသော သတင်းအချက်အလက်များ
မျှဝေပေး နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ အဖွဲ့နာယက ဘရူနိုင်းနိုင်ငံသံအမတ်ကြီး
ဦးဆောင်သည့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ
အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း
ကွင်းဆင်းကြည့်ရှုကြသည်။
ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များအဖွဲ့နာယက ဘရူနိုင်းနိုင်ငံ
သံအမတ်ကြီး ဦးဆောင်သည့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက်ခံအောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည်
ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့
ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင် ဦးဆောင်သည့်အဖွဲ့အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့်
တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
စစ်တွေလေဆိပ် ဧည့်ခန်းမတွင်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတကာ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည် စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက်
နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍
ပြည်နယ်အစိုးရနှင့် နိုင်ငံတော်အစိုးရတို့မှ ကြိုတင်စီမံဆောင်ရွက်ပေးထားမှု အခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်
ဦးညီပုက နိုင်ငံတကာ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့်
ဤခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၏ ပကတိအခြေအနေမှန်များကို သိရှိပြီး နိုင်ငံသူ နိုင်ငံ
သားများနှင့် နိုင်ငံတကာအသိုက်အ၀န်းသို့ မှန်ကန်တိကျသော သတင်းအချက်အလက်များ မျှဝေပေးနိုင်ရေး
ကူညီ ဆောင်ရွက်ပေးကြရန်နှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားရေးတို့ကို
နှစ်နိုင်ငံ သဘော တူညီချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကင်းဝေးပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီ ကြိုပမ်းဆောင်ရွက်ပေးကြရန်
ပြောကြားသည်။
ဆက်လက်၍ စစ်တွေမြို့မှ
ရဟတ်ယာဉ်များဖြင့်ထွက်ခွာပြီး ကုန်းလမ်းမှ ၀င်ရောက်လာသူများအား လက်ခံနိုင်ရေးအတွက်
ဖွင့်လှစ်ထားသည့် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းသို့ ရောက်ရှိကြသည်။
တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းတွင်
မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများက နှစ်နိုင်ငံသဘောတူညီချက်များအရ
နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ကုန်းလမ်းမှပြန်လည်ဝင် ရောက်လာမည့်သူများအတွက်
တောင်ပြိုလက်ဝဲယာယီလက်ခံရေးစခန်းနှင့် ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့် သူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းဖွင့်
လှစ်ထားရှိမှု၊ စိစစ်အတည်ပြုပြီးသူများ ခေတ္တခဏတည်းခိုနေထိုင်ရန်
လှဖိုးခေါင်ကြားစခန်း ဖွင့်လှစ်ထားရှိမှု၊ ယာယီလက်ခံရေးစခန်းများတွင် တစ်ရက်လျင် ပြန်လည်စိစစ်
လက်ခံဆောင်ရွက် နိုင်မည့် လူဦးရေ၊ နေရာချထားနိုင်မည့်အနေအထား၊ လုံခြုံရေး၊ စားသောက်ရေးနှင့်
ကျန်းမာရေးအတွက် ကြိုတင်စီမံ ထားရှိမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအား ပြန်လည်စိစစ်လက်ခံရေး
လုပ်ငန်းများဆောင်ရွက်ရန် ၀န်ကြီးဌာနများမှ ရုံးခန်းများဖွင့် လှစ်ထားရှိမှုအခြေအနေများကို
ရှင်းလင်းပြောကြားပြီး သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏
မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ဦးဆောင်သည့် နိုင်ငံတကာသံရုံးများမှ
သံတမန်များ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များသည် တောင်ပြိုလက်ဝဲ ယာယီလက်ခံ
ရေးစခန်းတွင် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ
ချစ်ကြည်ရေးတံတားတို့ကို လှည့်လည် ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး ဦကျော်တင်ဦးဆောင်သည့် အဖွဲ့သည် တောင်ပြိုလက်ဝဲယာယီလက်ခံရေးစခန်းမှ
ရဟတ်ယာဉ်များဖြင့် ငါးခူရ ယာယီလက်ခံရေးစခန်းသို့ရောက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေး မှူး ဦးဇော်မင်းက ရေလမ်းမှ ၀င်ရောက်လာသူများအား ပြန်လည်စိစစ်လက်ခံရေးအတွက်
သက်ဆိုင်ရာ ၀န်ကြီးဌာန ၁၂ ခုမှ ၀န်ထမ်းအင်အား ၈၀ ကျော်ဖြင့် ရုံးခန်းများဖွင့်လှစ်ထားရှိမှု၊
ပြန်လည်ဝင်ရောက်လာသူများ ခေတ္တတည်းခိုနေထိုင် စားသောက်ရေးအတွက် ကြိုတင်စီမံထားရှိမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဦးဆောင်သည့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ပြန်လည်ဝင်ရောက်လာသူ များကို
စိစစ်ရန်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် NVC ကတ်ထုတ်ပေးရေး ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုရာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးဝင်းခိုင်က လိုက်လံရှင်းလင်းပြသသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင် ဦးဆောင်သည့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန် များနှင့်
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့်
မောင်တောမြို့ ပန်းတောပြင်ကျေးရွာသို့ရောက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လူနေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေမှုနှင့်
ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် နိုင်ငံတကာ
သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက လုံခြုံရေး၊
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို မေးမြန်းကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
စစ်တွေမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ အဖွဲ့နာယက ဘရူနိုင်းနိုင်ငံ
သံအမတ်ကြီး H.E.Dato Paduka Haji Abdu’r Rahmani bin Dato Paduka Haji Besir ၊ ကနေဒါနိုင်ငံ
အွန်တေရီးယိုး ပြည်နယ် ၀န်ကြီးချုပ်ဟောင်း Rt.Hon. Mr. Bob Robert Rae ၊ ကနေဒါ၊ ဘရူနိုင်း၊
ချက်၊ အီးယူ၊ တူရကီ၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊
တီမောလက်စတေ၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ကိုရီးယားသမ္မတနိုင်ငံ
သံရုံးတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံ သံမှူးကြီးနှင့် သံမှူးများ၊ အတွင်းဝန်များ၊
UNHCR၊ World Bank၊ FAO နှင့် WFP တို့မှ ကိုယ်စားလှယ်များ လိုက်ပါကွင်းဆင်းကြည့်ရှု
ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment