Friday, February 9, 2018

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၁)ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်းနှင့် အခွန်အကောက် များ အမြောက်အများရရှိနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများ ပေါ်တွင် တရားဝင်ခွင့်ပြုပေးနိုင်ရေးကိစ္စရပ်မှာ ဥပဒေအရ ဆောင်ရွက်ခွင့်ပြုပေးနိုင်ခြေ မရှိသေးသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြုရေးကိစ္စကို မကန့်ကွက်သည့်အတွက် လုပ်သာကိုင်သာရှိမည့် အခြေအနေကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူခွင့်ပြုချက်များ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏  လက်ရှိလောင်းကစား ဥပဒေကို လိုအပ်သလို ပြင်ဆင်ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံပြီး ဆောင်ရွက်ခွင့်ပြုပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။
မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု ကုန်းမတ်လန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း- ကုန်းမတ်လန်းအား ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် စာသင်ကျောင်းဆောင်သစ်(၁)ဆောင် ခွင့်ပြုချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ကုန်းမတ်လန်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပေ ၆၀ x ပေ ၃၀ တစ်ထပ်ဆောင်အသစ် ဆောက်လုပ်ရန် ဘဏ္ဍာငွေလျာထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသော မြို့များရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရန်အတွက် စက်မှုနည်းပညာအထက်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၏ အရှေ့ဘက်ခြမ်းမြို့များဖြစ်ကြသော အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသော မြို့များမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆောင်နေ သင်တန်းသားများအဖြစ် ပညာသင်ကြားရန်အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား အိပ်ဆောင်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် အစိုးရနည်းပညာကျောင်းတစ်ကျောင်း အသစ် ထပ်မံဖွင့်လှစ်ပေးရန် လတ်တလော ဦးစားပေးဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။
ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၏ မြန်မာနိုင်ငံ၌ အလုပ်လက်မဲ့ ပြဿနာလျော့နည်းပြီး လုပ်ငန်းခွင် အသုံးဝင်မည့် အသက်မွေးဝမ်းကျောင်းပညာကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နည်းပညာနှင့်သက်မွေးပညာ ဖွံ့ဖြိုးရေးသည် အမျိုးသားမဟာဗျူဟာ စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲပြီးဖြစ်သည့်အပြင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်ပါကြောင်း ဖြေကြားသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ် အ.လ.က(ခွဲ) မြို့မ မိုင်းပွန်အား အခြေခံပညာ အလယ်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လွိုင်လင်မြို့နယ် မြို့မ(မိုင်းပွန်)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သည် မြို့မ(မိုင်းပွန်) အခြေခံပညာ အထက်တန်းကျောင်းနှင့် မိုင်ဝက်ခရီးသာ ကွာဝေးပါကြောင်း၊ မြို့မ(မိုင်းပွန်)အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင်လည်း အလယ်တန်းပညာ သင်ယူခွင့်ရရှိရန် အခွင့်အလမ်းများ ရရှိပြီးဖြစ်ပါသဖြင့် အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် မရှိသေးပါကြောင်း ဖြေကြားသည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်တွင်  တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်မြင့်မားလာစေရန်နှင့် ဒေသခံကျောင်းသူကျောင်းသားများ ကျောင်းခေါ်ချိန်အပြည့်သင်ကြားနိုင်ရန်အတွက် အရည်အချင်းရှိ ဆရာ၊ ဆရာမများ ဖွဲ့စည်းပုံပြည့် စာသင်နှစ်အမီ စေလွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ခေါင်းလန်ဖူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်း ရှိပါကြောင်း၊ အဆိုပါကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် အထက်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုသင်ကြားခြင်း၊ ညစာကျက်ဝိုင်းများ ပြုလုပ်ခြင်းတို့ကို ကျောင်းအုပ်ကြီးများနှင့် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် ဆရာ၊ ဆရာမ လိုအပ်ချက် ၃ သောင်းကျော်ရှိပါကြောင်း၊ တစ်နှစ်လျှင်ခွင့်ပြုချက် ဆရာအင်အား တစ်သောင်းကျော်ဖြင့် ၃ နှစ် ဆက်တိုက် ဖြည့်ဆည်းဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ ဖြည့်ဆည်းရရှိမည့် ဆရာ အင်အားအတိုင်း ခေါင်လန်ဖူးမြို့နယ်အတွက် ပြည့်စုံလောက်သော ဆရာများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းသော “သစ်တောဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီး တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။
ကျော်သူထက်၊ မွှေးကြူဇင်

No comments:

Post a Comment