သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး
ရန်ကုန် ဖေဖော်ဝါရီ ၁၈
မြန်မာ-ရုရှား နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့်
နှစ်(၇၀)ပြည့် အထိမ်း အမှတ်အဖြစ် ရုရှား- မြန်မာ
ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ စီစဉ်တင်ဆက်သည့် ``ရုရှားမယ်လိုဒီ´´
ဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသား ကဇာတ်ရုံ၌
ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး
H.E. Dr. Nikolay Listopadov က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊
ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေး အသင်းမှ ဒုတိယ ဥက္ကဋ္ဌ Mr. Anatoly Bulachnikov ၊ ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း၏
ဂုဏ်ထူးဆောင်အဖွဲ့ဝင် Mr. Rudolf Yanson တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ရုရှားနိုင်ငံမှ``ကလာဂျက်(စ်)´´ ရိုးရာကျေးလက်ဂီတအဖွဲနှင့်
``ငွေရောင်တူရိယာကြိုး များ´´ ဂီတတူရိယာ အဖွဲ့တို့က (ရုရှားမယ်လိုဒီ) ရုရှားဂီတ သံစဉ်တေးသွားများဖြင့်
ဖျော်ဖြေရာတွင် ``မော်စကို အမှတ်တရ ပစ္စည်း´´ သီချင်းကို သံပြိုင်သီဆို၍ လည်းကောင်း၊
``ကာလီ(န်)ကာ´´ ရုရှား ဂန္တ၀င်တေးသီချင်းဖြင့် လည်းကောင်း၊ ကု(ရ်)စကီးပြည်နယ်၏ ``ကျွန်တော်ရဲ့
နိုက်တင်ဂေး ငှက်လေး” အော်ပရာသီချင်းဖြင့် လည်းကောင်း၊ ဂါလိခ်ျမြို့လေး၏ တောင်တန်းများမြင့်မား
မတ်စောက်ပုံကို ညွှန်းဆိုထားသည့် အော်ပရာသီချင်းများဖြင့် လည်းကောင်း၊ ကာဇာတ် လူမျိုးတို့၏
``ဓားရှည်ယူခဲ့ပါ´´ စစ်ချီသီချင်းဖြင့် လည်းကောင်း၊ ကျေးလက်ရိုးရာ တေးသီချင်းများဖြင့်
လည်းကောင်း ကပြသီဆိုဖျော်ဖြေကြ သည့် အပြင် ရုရှားရိုးရာ ဂန္တ၀င်တေးသီချင်းများဖြင့်
ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ရုရှားမယ်လိုဒီ
အဖွဲ့အားဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
အခမ်းအနားတွင် မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး
မှတ်တမ်းဓာတ်ပုံများ နှင့် ရုရှား နိုင်ငံနှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊
ရိုးရာယဉ်ကျေးမှုများနှင့် ရုရှားနိုင်ငံ၏ ရသစာပေများကို မြန်မာစာရေးဆရာများ က ဘာသာပြန်ဆိုထားသည့်
စာအုပ်များကို တက်ရောက်လာကြသည့် ပရိတ်သတ် များသိရှိနိုင်ရန် ပြသထားသည်။
ယနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးနှင့်အတူ
သံရုံးတာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှတာဝန်ရှိသူများ၊
မြန်မာနိုင်ရှိ ရုရှားနိုင်ငံ သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အလားတူ
ယင်းဖျော်ဖြေပွဲကို မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။

No comments:
Post a Comment