Friday, February 23, 2018

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၃) တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


ရန်ကုန်-ဖေဖော်ဝါရီ ၂၃
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၃)၏ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း၊ ဗဟို ၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)  ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ တက္ကသိုလ်အကြံပေး အဖွဲ့ဝင်များ၊ တက္ကသိုလ် စီမံခန့်ခွဲရေးနှင့် တက္ကသိုလ်ပညာရပ်အဖွဲ့ဝင်များ၊ ဘွဲ့ယူသူ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဘွဲ့နှင်းသဘင်မိန့်ခွန်းကို ထုတ်လွှင့်ပြသရာတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သည် တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်မှစ၍ (၅၁)နှစ်ကျော်ကြာ ကာလအလွန်၌ ပြည်သူ့ဝန်ထမ်း အကယ်ဒမီအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုကဲ့သို့ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အောင်အောင်မြင်မြင် ကျင်းပနိုင် ခဲ့ခြင်းအတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများသည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲ ရေးအတွက် လက်ရှိ နိုင်ငံတော်ကကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီစနစ်နှင့်လျော်ညီစွာ အားသွန်ခွန်စိုက်အကောင် အထည်ဖော်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို လေ့ကျင့်ပေးနေပြီ ဖြစ်ကြောင်း၊ ယနေ့ ၂၁ ရာစုကာလတွင် လူ့စွမ်းအား အရင်းအမြစ်ကို သတ်မှတ်ရာ၌ လူကို လူ့စွမ်းအားအရင်းအမြစ်အဖြစ် မသတ်မှတ်တော့ဘဲ လူ၏သုတ၊ ကျွမ်းကျင်မှု အတတ်ပညာ၊ သမ္ဘာတို့ဖြင့် တိုင်းတာသတ်မှတ်လာသည့်အတွက် လေ့လာဆည်းပူး တီထွင်ဆန်းသစ်မှုရှိသည့် အဖွဲ့အစည်းဖြစ်စေရန် စွမ်းဆောင်သွားကြရန်လည်း တိုက်တွန်း မှာကြားလိုကြောင်း။
လေ့ကျင့်ပျိုးထောင်ရာတွင် ပြည်သူ့ဝန်ထမ်းတစ်ဦးစီအတွက် အဓိကစံတန်ဖိုးများဖြစ်သော ရိုးသားဖြောင့်မတ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ဘက်လိုက်ခြင်း ကင်းမှုတို့ကို ပိုမိုခံယူကျင့်သုံး တန်ဖိုးထားတတ်စေရန်အတွက် လည်းကောင်း၊ ၀န်ထမ်းတစ်ဦးစီ၏ စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေး အခြေခံအုတ်မြစ်များဖြစ်သည့် စရိုက် လက္ခဏာကောင်းမှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုတို့နှင့် ပြည့်စုံသူများ ဖြစ်လာ စေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တစ်ဦးချင်းအနေဖြင့် အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ ရှာဖွေစူးစမ်းလေ့လာ သင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြားစိတ်ဖြာ သုံးသပ်နိုင်မှု စသည့် အရည်အသွေးကောင်းများ အစဉ်ထက်မြက်နေရန် ဆက်လက် လေ့လာသင်ယူနိုင်မှသာလျှင် စွမ်းရည်ပြည့်ဝ သည့် လူ့စွမ်းအားများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျရာတာဝန်ကို တက်ညီလက်ညီ စိတ်စေတနာ အပြည့်ဖြင့် အားထုတ်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အဓိကအ ခန်းကဏ္ဍမှ ပါဝင်နေကြသည့် ၀န်ထမ်းကောင်း များအဖြစ် ခေတ်ပြောင်း၊ စနစ်ပြောင်း၊ အသွင်ကူးပြောင်းနေချိန်တွင် မှန်ကန်သည့် အတွေးအခေါ်နှင့် လုပ်ငန်းတာဝန်များကို ထက်ထက်မြက်မြက် သွက်သွက်လက်လက် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွားက သင်တန်းတွင် စံပြဆု၊ စာပေထူးချွန်ဆုနှင့် စာပေ ဂုဏ်ထူးဆုရရှိသူများကို ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၃၀ ဦးကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များအပ်နှင်းသည်။
ယင်းနောက် ပါမောက္ခချုပ်က သင်တန်းသား သင်တန်းသူ ၁၄၂ ဦးကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များ အပ်နှင်းသည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူကာ ၀န်ကြီးဌာန၊ အဖွဲ့အစည်း လေးခုအတွက် ပြန်တမ်းဝင်အရာရှိ ရာထူးရွေးချယ်ခြင်းခံရသည့်  သင်တန်းသား ၅၈ ဦးနှင့် သင်တန်းသူ ၁၁၄ ဦး၊ စုစုပေါင်း ၁၇၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၆ ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment