Thursday, January 25, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ထားဝယ်မြို့ရှိ ပြန်/ဆက်ရုံးများနှင့် လောင်းလုံးမြို့နယ်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး


ထားဝယ်   ဇန်န၀ါရီ     ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများနှင့် လောင်းလုံးမြို့နယ်ရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးတို့နှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေး ၀န်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးစောလုကာတို့နှင့်အတူ ထားဝယ်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကလေးစာဖတ်ခန်းသို့ လာရောက်ကြသည့် မူလတန်းကြိုကလေးငယ်များအား လက်ဆောင်အရုပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးနှင့် စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာန (Community Center)များအဖြစ် ပြုပြင်ပြောင်းလဲပြီး အများပြည်သူအတွက် အသုံးဝင်သည့်နေရာ တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် ၀န်ထမ်း များအား မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာ့ဗိမာန် စာကြည့်တိုက်နှင့် ယဉ်ကျေးမှု ပြတိုက်တို့ကို သွားရောက် ကြည့်ရှု လေ့လာခဲ့သည်။  
ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် လောင်းလုံးမြို့နယ်ရှိ  မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment