Thursday, January 25, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်


နယူးဒေလီ ဇန်န၀ါရီ ၂၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် (Rashtrapati Bhavan)၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲ များအား တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

နေ့လယ်စာစားပွဲသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတမစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ဗီယက်နမ် ၀န်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ လာအို ၀န်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ပရာယွတ်ချန်အိုချာ၊ မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ်၊ ဘရူနိုင်း ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ၀ါဒူလာ၊ အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုတို့ တက်ရောက်ကြသည်။
နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်နှင့်ဇနီးနှင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နေ့လယ်စာစားပွဲကိုကျင်းပရာ အိန္ဒိယသမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်နှင့် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တို့က ဆုတောင်းမိန့်ခွန်းများ အပြန်အလှန် ပြောကြားကြသည်။
နေ့လယ်စာစားပွဲအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်၊ အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ နယူးဒေလီမြို့ရှိ သမ္မတ အိမ်တော်၌ ကျင်းပသည့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲ များ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။
ယင်းအစည်းအဝေးတွင် “ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံ ရေးဘာသာရပ်” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အိန္ဒိယနှင့်အာဆီယံနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ- အိန္ဒိယ ရေကြောင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထား အမြင်နှင့် မြန်မာနိုင်ငံတွင် ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံမှ ကြိုးပမ်း ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများသည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီနှင့်အတူ Mughal ပန်းဥယျာဉ် အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Hotel Taj Diplomatic Enclave ၌ကျင်းပသည့် အမှတ်တရ တံဆိပ်ခေါင်း(၁၁)ခု ထုတ်ဝေခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ဗီယက်နမ် ၀န်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းနှင့် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment