Wednesday, January 31, 2018

(၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

နေပြည်တော် ဇန်န၀ါရီ ၃၁
(၁၉)ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေးဆပ်ကော်မတီ (19th SCI) အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က (၁၉)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး (19th SCI Meeting) ကို  အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျကျင်းပခဲ့ရာ ယခု (၂၀၁၈) ခုနှစ် တွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့သည့်အတွက် အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပနိုင် ရန် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက တာဝန်ရှိသူများကို ဖိတ်ကြားပြီး ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပ ခြင်း ဖြစ်ပါကြောင်း။
အာဆီယံခေါင်းဆောင်များသည် ၂၀၂၀ ခုနှစ် နောက်ဆုံးထား၍ အာဆီယံ အသိုက်အဝန်းတစ်ရပ် (ASEAN Community) ကို စတင်ဖော်ဆောင်ရန် ၂၀၀၃ ခုနှစ် အောက်တိုဘာ (၇) ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ဘာလီကွန်ကောဒ်-၂ (Bali Concord-2) ကြေညာစာတမ်းကို သဘောတူချမှတ်ခဲ့ကြပါကြောင်း။ ထို့ပြင် အာဆီယံအဖွဲ့ စည်းမျဉ်းစည်းကမ်း အဖြစ် အာဆီယံပဋိညာဉ်စာတမ်း (The ASEAN Charter)ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၂၀) ရက်တွင် စင်္ကာပူနိုင်ငံ၌ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း။
SCI အစည်းအဝေးများတွင် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် မဏ္ဍိုင်အသီးသီးရှိ အစည်းအဝေးများမှ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် လက်ရှိပြန်ကြားရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့ လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားခြင်း၊ စီမံကိန်းများနှင့် စပ်လျဉ်းသည့် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ (ASEAN Cultural Fund) အကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းကြခြင်း၊ SCI Meeting အလှည့်ကျ ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းများစသဖြင့် အများသဘောတူညီချက်ဖြင့် ဆွေးနွေးဆုံးဖြတ်ကြပြီး ညွှန်ကြား ရေးမှူးချုပ်အဆင့်ရှိ ပြန်ကြားရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလေ့ရှိပါကြောင်း။
(၁၉) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေးကို မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်မြို့ Sky Star Hotel တွင် ပြန်ကြားရေးဝန်ကြီးဌာန ကြီးမှူး၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားနိုင်ရေးအတွက် အကြံပြုဆွေးနွေးစရာများရှိပါက ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက (၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဇေယျာက (၁၉) ကြိမ်မြောက် အာဆီယံ-ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပရေး လုပ်ငန်းစီမံချက်နှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ ခွဲဝေထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်းအဝေးသို့ လာရောက်မည့် ကိုယ်စားလှယ် များအား ကြိုဆိုနေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ဖွင့်ပွဲအခမ်း အနားနှင့် အစည်းအဝေးများ ကျင်းပရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက အစည်းအဝေးတက်ရောက်မည့် အာဆီယံကိုယ်စားလှယ်များ သွားလာ ရေးနှင့် စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် ဖြည့်စွက်ဆွေးနွေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံ၏ ပုံရိပ် ကောင်းမွန်းရေးတို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက  တက်ညီလက်ညီဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment