Thursday, January 25, 2018

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောမွေ့စေရေး နိုင်ငံတကာ မီဒီယာများမှ ၀ိုင်းဝန်း ကူညီ ပေးကြရန် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း ပန်ကြား


နေပြည်တော် ဇန်န၀ါရီ ၂၄
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက အမေရိကန် အခြေစိုက် မီဒီယာ အချို့မှ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ချောမွေ့စေရေး နိုင်ငံတကာ မီဒီယာများမှ ဆက်လက် ၀ိုင်းဝန်း ကူညီပေးကြရန်  ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့နံနက်ပိုင်းက ပြန်ကြားရေး ၀န်ကြီးဌာနတွင် Radio Free Asia (RFA)  ဥက္ကဋ္ဌ Ms. Libby Liu၊ အိမ်ဖြူတော် ဆက်ဆံရေး အရာရှိနှင့် Broadcasting Board of Governors (BBG) ၏ အထူးဆက်သွယ်ရေး အကြံပေး Mr. Matthew Schuck ၊ BBG ၏ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Oanh Tran ၊ Voice Of America မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနှင့် RFA ရန်ကုန်ဗျူရို အကြီးအကဲ ဦးဝင်းနိုင် တို့အား လက်ခံ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက "မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်လာရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင်ခဲ့သည့် အတွက် နိုင်ငံတကာ မီဒီယာများအား ကျေးဇူးတင် ရှိကြောင်းကို လူကြီးမင်းတို့မှ တစ်ဆင့် ပြောပြလိုပါကြောင်း၊ နိုင်ငံတကာ မီဒီယာ၏ ကူညီပံ့ပိုးမှု မပါဘဲ  မိမိတို့အနေဖြင့် လက်ရှိ အခြေအနေကို မရောက်နိုင်ပါကြောင်း၊ ယခုအခါ မိမိတို့သည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အဆိုပါ လမ်းကြောင်းမှန် အတိုင်း ရှေ့ဆက် ဆောင်ရွက် နိုင်စေရန်မှာ မိမိတို့၏ အဓိကဦးစားပေး လုပ်ငန်းစဉ် ဖြစ်ပါကြောင်း" ပြောကြားသည်။
ထို့အပြင် "မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုများနှင့် ပြည့်နှက် နေပါကြောင်း၊ မိမိတို့၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ချောမွေ့ရေးကို အဟန့်အတား ဖြစ်စေမည့် မည်သည့် အရာကိုမှ မဖြစ်စေသင့် ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းများ ရေးသား ဖော်ပြရာတွင် လက်ရှိ အခြေအနေကို နားလည်သိရှိပြီး လိုသလို နှပ်ကြောင်းပေး ပုံသွင်း ရေးသားမှုမျိုး (agenda setting) နှင့် စိတ်ခံစားမှု လှုံ့ဆော် ရေးသားမှုမျိုး (Sensationalizing) လုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် နိုင်ငံတကာ မီဒီယာများသို့ မေတ္တာရပ်ခံ လိုပါကြောင်း" ဖြည့်စွက် ပြောကြားသည်။
ဆက်လက်၍ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် အနာဂတ် မီဒီယာ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မည့် အစီအမံများနှင့် ရခိုင်ပြည်နယ်သို့ မီဒီယာအဖွဲ့ စေလွှတ်ရန် ဆောင်ရွက်နေဆဲ အစီအမံများကို ရှင်းလင်း ပြောပြသည်။ ထို့အပြင် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် BBG တို့ ပူးပေါင်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၀န်ထမ်းများအား သင်တန်း ပေးရေးနှင့် ရုပ်သံ အစီအစဉ်များ ပူးပေါင်း ထုတ်လွှင့်နိုင်ရေး အခြေအနေများကိုလည်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီးနှင့် အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment