Thursday, January 25, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၂၅
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် ပြည်ထောင်စု ရန်ပုံငွေအပြင် သီးသန့် အထူးဦးစားပေး အစီအစဉ်ဖြစ်သော နိုင်ငံတကာချေးငွေနှင့် အထူးရန်ပုံငွေများ ရရှိရန်အတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး Public Private Partnership (PPP) စနစ်ဖြင့်လည်း ဆောင်ရွက်ရန် လျာထားလျက် ရှိပါကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်း ဖြေကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုသားလွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ် မင်းထန်၏ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို အထူးဦးစားပေး အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီးသတ် ကတ္တရာထပ်ပိုးလွှာ ခင်းပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် လမ်းမိုင်အရှည် ၃၆၆ မိုင် ၃ ဖာလုံရှိပြီး အသွားအပြန် ၇၃၂ မိုင် ၆ ဖာလုံရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ၂၅ ပေအကျယ် ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၁၄၉ မိုင် ၅ ဖာလုံ ရှိပါကြောင်း၊  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင် ၂၅ ပေအကျယ် ကတ္တရာကွန်က ရစ်ခင်းခြင်း လုပ်ငန်းအား ၁၃ မိုင် ၇ ဖာလုံ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်ကုန်တွင် ကတ္တရာ ကွန်ကရစ်ခင်းရန် ၅၆၉ မိုင်  ကျန်ရှိကြောင်း၊  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၀ မိုင်မှ ၃၉ မိုင်အထိ (ရန်ကုန်-ဘောနတ်ကြီး အပိုင်း)တွင် လက်ရှိကွန်ကရစ်လမ်းကို ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း၊ အတွင်းအပြင် လမ်းပုခုံး စုစုပေါင်းအကျယ် ၂ ဒသမ ၅ မီတာကိုလည်း ကတ္တရာ ကွန်ကရစ် လမ်းခင်းခြင်း၊ ဘောနတ်ကြီးတွင် Interchange တစ်ခု ဆောက်လုပ်ခြင်းနှင့် လမ်း တစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း တို့ကို ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ချေးငွေ၊ အာဆီယံ အဆောက်အဦ ရန်ပုံငွေအဖွဲ့ (AIF) ချေးငွေတို့ဖြင့် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး  သို့ ဆက်လက်တင်ပြထားပါကြောင်း၊ Cabinet အတည်ပြုချက်ရရှိပါက ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၏ မဟာဗျူဟာလမ်းတစ်လမ်းဖြစ်သည့် ရမ်းဗြဲ-ကျောက်နီမော်လမ်း ၂၅ မိုင် ၅ ဖာလုံ လမ်းပိုင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရမ်းဗြဲ- ကျောက်နီမော် လမ်း ၂၅ မိုင် ၅ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် ပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး လမ်းအမျိုးအစားမှာ ကျောက်ချောလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၉၆၇ ဒသမ ၇၇၉ သန်းဖြင့် ရမ်းဗြဲမြို့အထွက် ၁၈ပေအကျယ်  ကွန်ကရစ်ခင်းခြင်း ၄ ဖာလုံ၊ ဗြုန်းကျောက်စရစ်ခင်းခြင်း ၁၁ မိုင် ၂ ဖာလုံ၊ သစ်ပုတ်ချောင်းတံတား ပေ ၁၈၀ သံကူကွန်ကရစ် တံတားအသစ် ၁ စင်း တည်ဆောက်ခြင်း၊ တံတားချဉ်းကပ်လမ်း မြေကြီးတာဘောင် တည်ဆောက်ခြင်း၊ တံတားပေါ်ကတ္တရာ လမ်းခင်းခြင်းနှင့် သစ်သားတံတား ၂ စင်း ပြုပြင်ခြင်းလုပ်ငန်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရမ်းဗြဲ-ကျောက်နီမော်လမ်းသည် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်၍ ပြည်ထောင်စု ရန်ပုံငွေဖြင့် လုပ်ငန်းများလျာထားခြင်း မရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတွင် ကျပ် ၅၆၃ ဒသမ ၄ သန်းဖြင့် ရမ်းဗြဲမြို့အထွက် အပိုင်း၌ ၁၈ ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်း ၁ မိုင်၊ ၁၄ ပေအကျယ် ကျောက်လမ်းခင်းခြင်း ၂ မိုင်နှင့် ၁၀ ပေ အရှည် ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်တံတား ၂ စင်း တည်ဆောက်ခြင်း လုပ်ငန်း တို့ကို ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း။
ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ပြည်နယ် ရန်ပုံငွေစုစုပေါင်း ငွေကျပ် သန်း ၆၆၀ ဖြင့် ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း ၃ မိုင်၊ မြေပုံတံတား ပေ ၃၀နှင့် ခမောင်းချောင်းတံတား ပေ ၄၀ စုစုပေါင်း သစ်သားတံတား ၂ စင်းအား သံကူကွန်ကရစ် တံတား အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားတင်ပြတောင်း ခံသွားမည်ဖြစ်ပါကြောင်း၊ လမ်းဦးစီးဌာန အနေဖြင့် ရမ်းဗြဲ-ကျောက်နီမော်လမ်းကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန် အစီအစဉ် မရှိသေးသော်လည်း ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ မြောက်ဦး မြို့နယ်၊ မြောင်းဘွေ ချောင်းကူးသစ်သားတံတားကို နှစ်လမ်းသွား သံကူကွန်ကရစ် တံတားသစ် တစ်ခုတည် ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြား သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာ သော စည်ပင် သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူကြောင်း လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေး နွေးကြရာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ဥပဒေ၏ အခန်း (၃)  ပုဒ်မ ၆ တွင် ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားလူမျိုးစုများ၏ သဘောထားကို တောင်းခံရမည် ဆိုသည့်ပုဒ်မ အသစ် တစ်ခုကို ဖြည့်စွက်လိုပါကြောင်း၊  အခန်း(၄) ပုဒ်မ ၁၁ -(က) ပုဒ်မခွဲငယ် (၁)တွင် နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံသီးနှံဖြစ်လျှင် စတင်ခွင့်ပြုသည့် နှစ်မှစ၍ နှစ်ပေါင်း ၂၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည် ဆိုသည့်အပိုဒ်တွင် နှစ်ပေါင်း ၂၀ အစား  နှစ်ပေါင်း ၃၀ ကို ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း၊ အလားတူ ပုဒ်မခွဲ(ခ)နှင့် (ဂ) တွင်လည်း နှစ်ပေါင်း ၂၀ အစား နှစ်ပေါင်း ၃၀ ကို ပြင်ဆင်ဖြည့်စွက် လိုပါကြောင်း၊ အခန်း(၇) ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁)တွင် ဥပဒေကြမ်း ကော်မတီက ၃ လ အတွင်း ဟု ပါရှိရာ မိမိအနေဖြင့် ခြောက်လ ဟု လည်းကောင်း၊ ကော်မတီတွင်လည်း သက်ဆိုင်ရာ ကော်မတီဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၉) ပုဒ်မ ၂၇ ပုဒ်မခွဲ (က)တွင်  အစိုးရ သီးသန့်လျာထား သတ်မှတ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပေါ်တွင် ဟု အသစ်ဖြည့်စွက်လိုပါကြောင်း၊ ပုဒ်မ ၂၉-က တွင် မည်သူမဆို ဤ ဥပဒေအရ  မူလလုပ်ပိုင်ခွင့် ရရှိထားသူသည် သတ်မှတ် ထားသော ပုဒ်မ ၁၆ ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ပါက လုပ်ပိုင် ခွင့်ရုပ်သိမ်းခြင်း၊ မြေပြန်လည်အပ်နှံစေခြင်းများကို လိုက်နာမှုမရှိလျှင် တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့် အပြင် ကျပ် ၁၅ သန်းထက်မနည်းသော ငွေဒဏ်ကိုလည်း ချမှတ်ရမည်ဟု ဖြည့်စွက်ပြင်ဆင် လိုပါကြောင်းနှင့် အသစ်ဖြည့်စွက်လိုသည့် အချက် တို့ကို ဆက်လက်ဆွေးနွေးသည်။
ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာ အားကာမိုးက အခန်း(၁) ပုဒ်မ (၂) (ဃ)တွင် စီမံခန့်ခွဲရေး ကော်မတီဆိုသည်မှာ ဤ ဥပဒေအရ ဖွဲ့စည်းသည့် တိုင်ဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ဆိုသည်ဟူ၍ ပြင်ဆင်ဖြည့်စွက် လိုပါကြောင်း၊ အခန်း(၁) ပုဒ်မ (၂) (စ)တွင် ဤဥပဒေအရ ဆောင် ရွက်ရန် အလို့ငှာ တရားဝင်ပယ်ဖျက်ပြီးဖြစ်သည့် လက်ရှိစိုက်ပျိုး လုပ်ကိုင် အသုံးပြုခြင်း မရှိသော ကြိုးဝိုင်း သစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်မြေများလည်း ပါဝင်သည် ဟူ၍ ပြင်ဆင် ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၂) ပုဒ်မ (၃) (ဂ)တွင် ဗဟိုကော်မတီ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံ ခန့်ခွဲရေးကော်မတီ များကို ဖွဲ့စည်းပေးရမည်။ ထိုသို့ ဖွဲ့စည်းရာတွင် သင့်လျော်သည့် ဒေသခံကိုယ်စား လှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားအသင်း အဖွဲ့ကိုယ်စားလှယ်များ၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ဥပဒေပညာရှင်များ ထည့်သွင်း ဖွဲ့စည်းပေးရမည်ဟူ၍ ပြင်ဆင်ဖြည့်စွက်လိုပါကြောင်းနှင့် ပုဒ်မခွဲအလိုက် ပြင်ဆင် ဖြည့်စွက်လိုသည့် အချက်များကို ဆွေးနွေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်နိုင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာ ၀င်းမြင့်ချစ်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဝင်းဇော်တို့က ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်န၀ါရီ ၂၆ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment