နေပြည်တော်၊ ဇန်နဝါရီ ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့(၀၉၃၀)
နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌
လက်ခံတွေ့ ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့် ရေး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြ ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၌
ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်ရေး၊
နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့်
မစ္စတာကိုဖီအာနန် အကြံပေး ကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရေတိုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု
စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးရေးကိစ္စများကို အလေးပေးဆွေးနွေး ခဲ့ကြပါသည်။
ထို့ပြင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဂျပန်ယန်း
(၈၀၀)ဘီလီယံ သုံးစွဲအကောင်အထည် ဖော်ဆောင် ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် (၃)နာရီခွဲဖြင့် သွားရောက်နိုင်မည့်
ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မတိုင်မီတွင်လည်းကောင်း၊
(၈)နာရီဖြင့် သွားရောက် နိုင်မည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်တွင်
လည်းကောင်း ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်မည့်ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့
ကြကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြား
ရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုတို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို
ဆက်လက်ကျင်း ပခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ကြောင်း
သိရှိရပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည်
မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မောင်တော ဒေသသို့ လည်းကောင်း၊
ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်သို့လည်းကောင်း သွားရောက် လေ့လာ မည်ဖြစ်ကြောင်း
သိရှိရပါသည်။

No comments:
Post a Comment