Wednesday, December 27, 2017

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၉ ) နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၂၇
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၉) နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေး အလှူကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄)ရှိ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သည်။

နှစ်ပတ်လည်ဆွမ်းကျွေး အလှူတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ အမှူးပြုသော သံဃာတော် ၁၅ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့် သင်္ကန်းများ ဆက်ကပ် လှူဒါန်းပြီး အနုမောဒနာတရား နာယူသည်။
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာ ဆုတောင်း မေတ္တာများ ပို့သကြသည်။
ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကား ပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာ ပို့သခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment