Sunday, December 24, 2017

သေချာသောအကျိုးအမြတ်ရရှိမည့် ရင်းနှီးမြှုပ်နှံအဖြစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့လာရောက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ဆွေးနွေး ခဲ့သည့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပဋိသန္ဓေတည်စမှ မွေးပြီး (၈)နှစ်အထိသည် ရှေးဦးအရွယ်ဖြစ်ပါကြောင်း၊ ကလေး၏ အဆင့်ဆင့်ပြောင်းလဲမှု ဖြစ်စဉ်တွင် နှောင့်နှေးမှုရှိခြင်းသည် ဖွံ့ဖြိုးမှုကိုနောက်ကျစေကြောင်း၊ လူသားအစပထမရက်ပေါင်း တစ်ထောင်ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အထွဋ်အထိပ်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ပြုစုပျိုးထောင် ရေးတွင် မိခင်များ သည် အဓိကအရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့်  ရှေးဦးအရွယ် ကလေးသူငယ်များကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တိုင်းတာစစ်ဆေးခြင်းစနစ်ကိုလည်း ဖော်ဆောင်လျက်ရှိပါကြောင်း၊ သို့မှသာ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းကို စောစီးစွာ သိရှိပြီး ပြုပြင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ် ကလေးသူငယ်များကို ပြုစု စောင့်ရှောက်ရန်မူကြိုကျောင်း လက်လှမ်းမမီသော ကလေးများအတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးသည် အရေးကြီး ကြောင်း၊ လိုအပ်သည့် နည်းပညာငွေကြေးအကူအညီများထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေရှည် အောင်မြင်ရေးအတွက် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မိခင်ဝိုင်းဖွင့်လှစ်ပေးမည့် ကျေးရွာ (၅)ရွာအတွက် ပထမသုံးလစာထောက်ပံ့ငွေ ကျပ် (၃၉၁၅၀၀၀) ကို ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးက ဒေသခံပြည်သူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးများ အား ကစားစရာအရုပ်များပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Good Neighbours  International က ဆောက်လုပ် လှူဒါန်းသည့် ကလေးတစ်ရာဦးဆံ့ ပေ ၆၀ x ပေ ၄၀ RCC (၁)ထပ်၊ ဖဒိုမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း အဆောက်အဦကို သွားရောက်ကြည့်ရှုပြီး မူကြိုကျောင်းဖွင့်လှစ်ရေး ဆွေးနွေးဆောင်ရွက်သည်။ ယင်းနောက် ညောင်လေးပင်မြို့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက် ရှိသည့် ပေ ၆၀ x ပေ ၆၀x ၂၉ ပေ RCC (၂)ထပ် ဘက်စုံသုံး အဆောက် အဦဆောက်လုပ်ပြီးစီးမှုကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment