Monday, December 25, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၄
ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် နှစ်(၇ဝ)ပြည့် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက် အမှာစကား ပြောကြားသည်။

ကြည့်ရှုစစ်ဆေး
အခမ်းအနားတွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံ လွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော သံချပ်ကာ ယာဉ်များတင်ဆောင်ထားသည့် ၅၆ မီတာ တင့်ကား တင်ကမ်းထိုးရေယာဉ်များနှင့် ၂၉ မီတာကမ်းထိုး ရေယာဉ်များအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကမ်းလွန်ကင်းလှည့် စစ်ရေယာဉ်-အင်းလေးပေါ် သို့ တက်ရောက် ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်-အင်းလေးပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ဂုဏ်ယူဖွယ်ရာဖြစ်
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ စစ်ရေယာဉ်များ တည်ဆောက်နိုင်ခြင်းကြောင့် တပ်မတော်(ရေ) အတွက် ဂုဏ်ယူပါကြောင်း၊ ပင်လယ်အား ဖြတ်သန်းနိုင်သည့် စံချိန်မီသော သင်္ဘောများဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှရှိ တပ်မတော်များထဲတွင် မိမိတို့တပ်မတော် တစ်ခုတည်းသာ ဖရီးဂိတ် စစ်ရေယာဉ်များအား တပ်မတော်ပိုင်သင်္ဘောကျင်းတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ယခုကဲ့သို့သော အစဉ်အလာကို ထိန်းသိမ်းပြီး ပိုမိုအစွမ်းထက်သည့် စစ်ရေယာဉ်များ တည်ဆောက်သွားရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်- ရတနာပုံဖြင့် ထွက်ခွာကြသည်။
ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ နှစ်(၇ဝ)ပြည့်တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ် အလိုက် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
တပ်တော်ဝင်
ယနေ့ကျင်းပသည့် နှစ်(၇ဝ)ပြည့်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်း အမှတ်စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်တစ်စင်း၊ ၅၆ မီတာ တင့်ကားတင်ကမ်းထိုးရေယာဉ်နှစ်စင်းနှင့် ၂၉ မီတာ ကမ်းထိုးရေယာဉ် လေးစင်း၊ စုစုပေါင်း ခုနစ်စင်းတို့ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ တပ်မတော်(ရေ)မှ ထုတ်လုပ်ထားရှိသည့် တပ်မတော်(ရေ)အသုံးအဆောင်ပစ္စည်းများ၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် ပြတိုက်နှင့် ရေတပ်သင်္ဘောကျင်းအတွင်း စစ်ရေယာဉ်များ တည်ဆောက်နေမှုကို ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment