မော်လိုက် ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊
မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီ ရေရှားပါးမှု မရှိစေရေး၊ သန့်ရှင်းသည့်
သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေးအတွက် ဥရောပ-အာရှကော်မရှယ် လှူဒါန်းငွေကျပ် သိန်း(၅၀)ဖြင့်
စက်ရေတွင်း တူးဖော်နေမှုများ၊ ရေစက်ရုံနှင့် ရေကန်များ တည်ဆောက်နေမှုများအား ဒီဇင်ဘာ
၁၇ ရက် မွန်းလွဲပိုင်းက မော်လိုက်ခရိုင် ကျေးလက်ဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့်
ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဥရောပ-အာရှကော်မရှယ်
လှူဒါန်းငွေဖြင့် နားပင်ကျေးရွာ၌ ၂ လက်မ၊ အနက် ပေ ၃၀၀ ရှိ စက်ရေတွင်း တစ်တွင်း၊ ၅ ပေ
ရေစက်ရုံ တစ်လုံးနှင့် ဂါလံ ၁၀၀၀ ဆံ့အုတ်ရေကန်တို့ကို လျာထားခဲ့သော်လည်း စက်ရေတွင်း
လက်တွေ့ အကောင်အထည်တူးဖော်ရာတွင် အနက်ပေ ၂၀၀ ဖြင့် ရေကောင်းရေသန့်များ ရရှိသဖြင့် အနက်ပေ
၂၀၀ ရှိ လေးလက်မ စက်ရေတွင်းကို တူးဖော်ပေးခဲ့ပြီး၊ ၈ ပေ ၆ ပေ ရေစက်ရုံတစ်လုံး၊ ဂါလံ
၁၀၀၀ ဆံ့အုတ်ရေကန် တစ်လုံးကို ဌာနမှ တည်ဆောက်ပေးမည်ဖြစ်ပြီး ကျေးရွာပြည်သူ ထည့်ဝင်ငွေဖြင့်
၁၅ ပေ ကွန်ကရစ်ရေစင်တစ်ခုကို တည်ဆောက်ပေး သွားမည်ဖြစ်သည့်အတွက် နားပင်ကျေးရွာရှိ အိမ်ခြေ
၈၇ အိမ် လူဦးရေ ၃၉၂ ဦးအတွက် အိမ်သွယ် ရေတိုင်စနစ်ဖြင့် သန့်ရှင်းသည့် သောက်သုံးရေများကို
ဖူလုံစွာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ခရိုင်ကျေးလက်ဦးစီးမှူးနှင့်အဖွဲ့သည်
အော်ဇီးခုံကျေးရွာအုပ်စု ရွာတန်းရှည် ကျေးရွာ၌ နိုင်ငံတော် ထောက်ပံ့ငွေကျပ်(၄၃)သိန်းဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အနက်ပေ ၂၀၀ ရှိ နှစ်လက်မ စက်ရေတွင်း တူးဖော်နေမှုအား
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်

No comments:
Post a Comment