Monday, November 27, 2017

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာဝန်ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်း ကျင်းပ


ရန်ကုန် နိုဝင်ဘာ  ၂၆
၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက် များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်ပညာရေး တက္ကသိုလ်ရှိ Learning Hub ခန်းမ၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇)ရက်အထိ (၃)ရက်ကြာ ကျင်းပလျှက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လက်စွဲ စာအုပ်ထဲတွင် ညွှန်ကြားချက် များကို လိုက်နာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်၇န် လိုအပ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လက်စွဲစာအုပ်နှင့် ပတ်သက်၍ အကြံပြုချက်များ၊ ပြင်ဆင် ဖြည့်စွက်ချက်များ ရှိပါက ဆွေးနွေးပွဲတွင် ပွင့်လင်းစွာဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ပညာရေး ၀န်ကြီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများကို လူသားကောင်းများပြုစု ပျိုးထောင် ရေး၊ ပူးပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ တီထွင်ကြံဆတတ်စေရေး၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရှိ ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် အခြေခံတန်းများဖြစ်သည့် Grade-1, Grade-2, Grade-3 အတန်းများတွင် သင်ကြား သင်ယူလေ့ကျင့်မှုများသည် ပိုမိုအရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို စနစ်တကျ သင်ကြားပေးသည့်အခါတွင် ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် အရေး ကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားဘဲ တန်းတူ ညီမျှ ပညာသင်ယူခွင့် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး ပြည့်မီသည့် ပညာရေး ဖြစ်လာစေရန် ကျောင်းသားမိဘများ၊ ပြည်သူများက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ပညာရေး ၀န်ကြီးဌာနသည် ဆရာ ဆရာမများ အရည်အသွေး ပြည့်မီရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ စာကြည့်တိုက်များကို ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ သင်ကြားသင်ယူနည်း စနစ်များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန် အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မကွေးတိုင်း (သရက်ခရိုင်)နှင့် ချင်းပြည်နယ် (ပလက်ဝမြို့နယ်) တို့မှ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကိုယ်စားလှယ်များ တက်ရောက်လျက် ရှိသည်။
အလားတူ ဆွေးနွေးပွဲ/သင်တန်းများကို မန္တလေးမြို့တွင် ဒီဇင်ဘာ(၁၆)ရက်မှ (၁၈)ရက် အထိ လည်းကောင်း၊ နေပြည်တော်တွင် ဒီဇင်ဘာ (၂၆)ရက်မှ (၂၈)ရက် အထိ လည်းကောင်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment