Sunday, November 26, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ဦးစီးကော်မတီနာယက ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား


ရန်ကုန် နိုဝင်ဘာ ၂၆
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအ၀င် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းအား ၄င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော် သွားနိုင်ရန်အတွက် “လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၂၁ရက်တွင် (၁၆)ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီး ကော်မတီ၏ လုပ်ငန်းများ ဖြစ်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မူဝါဒ ချမှတ်ပေးခြင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအ၀င် ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ပေးခြင်း၊ ပွဲတော်တွင် ပါဝင်သည့် အဖွဲ့အစည်းများ ဟန်ချက် ညီစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် လိုအပ်သလို လမ်းညွှန်ပေးခြင်း လုပ်ငန်းများကို အဖွဲ့ဝင်များက ကျေပွန်အောင် ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊
ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်မှု(Freedom)၊ ဖွံ့ဖြိုးတိုးတက်မှု (Development)နှင့် ကြွယ်ဝ ချမ်းသာမှု (Prosperity) ဆိုသည့် အခြေခံတန်ဖိုးများဖြင့် ဖန်တီးတည်ဆောက်လျက်ရှိရာ အနာဂတ် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်များသည် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထို့ကြောင့် လူငယ်များ၏ ကာယ၊ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင် ပေးနိုင်ရေး လူငယ်ရေးရာ မူဝါဒပြဌာန်းရန် ဆောင်ရွက်ခြင်းအားဖြင့် “လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်” ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း။
မကြာခင်ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၀န်ကြီးဌာန အသီးသီးနှင့် ဆပ်ကော်မတီ အသီးသီးတို့က ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်အတွက် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ တစ်ဆင့် တေးသီချင်းများ၊ ပိုစတာများဖြင့် လှုံ့ဆော်နေကြသည်များကို မြင်တွေ့ကြားသိရသည့်အတွက် ၀မ်းမြောက်ကျေနပ်မိပါ ကြောင်း၊
လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးကို လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအ၀င် ဗလငါးတန်မြှင့်တင်ပေးနိုင် ရေးနှင့် မျှဝေပေးနိုင်ရန်၊ အနာဂတ်မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
အဆိုပါ ပွဲတော်ကြီးသည် နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် ပထမဆုံး လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကြီး တစ်ခုဖြစ်သည့်အတွက် အဘက်ဘက်ကအဆင်ပြေ အောင်မြင်အောင် ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးကို ကြည့်လျှင် လူငယ်များ၏ စွမ်းပကား မြင့်မားလာစေ ရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်များကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့လူငယ် အင်အားစုများသည် အနာဂတ် နိုင်ငံတော်အတွက် တန်ဖိုး မဖြတ်နိုင်သည့် လူသား အရင်းအမြစ် များပင်ဖြစ်ပါကြောင်း၊ အဆိုပါ လူငယ်အင်အားစုများ၏ စွမ်းပကားသာလျှင် အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင် အားများဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ လူငယ်များ ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်လာအောင် ရည်ရွယ် လုပ်ဆောင်နေခြင်းသည် အနာဂတ်နိုင်ငံကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး တည်ဆောက်ပေးနေခြင်း ဖြစ်သည့်အတွက် ရည်ရွယ်ချက်အောင်မြင်အောင် စိတ်ကောင်း၊ စေတနာကောင်းများဖြင့်  ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း။
အဆိုပါ ပွဲတော်ကြီးတွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာလှုပ်ရှား မှုများ၊ အားကစား ဆိုင်ရာ လှုပ်ရှားမှုများ၊ ITနှင့် သိပ္ပံနည်းပညာဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်မှာဖြစ်သကဲ့သို့ စာအုပ် ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများစသည့် လှုပ်ရှားမှုများစွာကို ကဏ္ဍအလိုက် ထည့်သွင်း ဆောင်ရွက်ထား ရှိကြောင်းကို ကြားသိရသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း။
ယခုပွဲတော်ကြီး အောင်မြင်စေရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၃ ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကော်မတီနှင့် ဆပ်ကော်မတီ များက အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် နှင့် အခက်အခဲများရှိပါက ယခုအစည်း အဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေးဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၁၃)ခုတို့မှ တာဝန်ရှိသူများ ဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ခင်စန်းဝင်း၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို နိုင်ငံတော်အဆင့်အညီ ရည်ရွယ် ချက်များပါ အတိုင်းစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက၊ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment