Monday, November 20, 2017

(၁၃) ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၀
" ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆက်ဆံမှုကို ခိုင်မြဲအောင် ဆောင်ရွက်ကြပါစို့ " ဆောင်ပုဒ်ဖြင့် (၁၃)ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - (၁) ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အေဆမ်အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဥရောပကော်မရှင်တို့မှ အဆင့်မြင့် အရာရှိကြီးများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ပတ္တမြားခန်းမ၌ ဆက်လက်ကျင်းပရာ အစည်းအဝေး သဘာပတိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က   အဖွင့်မိန့်ခွန်းပြောကြားရာတွင် မိမိတို့ ကမ္ဘာကြီးသည် အကြောင်း တရားများစွာကြောင့် ဖြစ်ပေါ်နေသည့် အကျပ် အတည်းများနှင့် အမြဲလိုလိုပင် ကြုံတွေ့နေရ သည်မှာ အားလုံး အသိပင်ဖြစ်ပါကြောင်း၊ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုနှင့် မတည်မငြိမ်ဖြစ်မှု၏ အချိန်ကာလ သစ်တစ်ရပ်နှင့် မိမိတို့ရင်ဆိုင်နေရပါကြောင်း၊ ကမ္ဘာပေါ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ များသည် ခြိမ်းခြောက်မှုသစ်များဖြစ်ပေါ်စေခဲ့ပြီး ယင်းတို့မှာ တရားမ၀င်ရွှေ့ ပြောင်းသွားလာခြင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုပျံ့နှံ့လာခြင်း၊ လူမှုရေးဆိုင်ရာ သဟဇာတမဖြစ်မှုနှင့် နျူကလီးယား စစ်ပွဲအန္တရာယ်များ ဖြစ်ပါကြောင်း၊ ပဋိပက္ခများသည် လူ့အသိုက်အ၀န်းများ အတွင်း ငြိမ်းချမ်းရေး ပျက်ပြားစေပြီး အကျိုးဆက်အားဖြင့် ဆင်း ရဲမွဲတေမှုနှင့် ဖွံြ့ဖိုးမှုနောက်ကျစေမှု တို့ကို ဖြစ်ပေါ်စေသည့် အပြင် တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝေးကွာစေခဲ့ပါကြောင်း။
ထိုစိန်ခေါ်မှုများကြောင့် မကြာခဏ ဖြစ်ပေါ်လာသည့် သဘာဝ ဘေးအန္တရာယ်၏ ဆိုးကျိုး များကိုပါ ဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်လျစ်လျူမှု တို့ကြောင့် သဘာဝဘေး အန္တရာယ်များမှာ ပြင်းထန်လာခဲ့ပါကြောင်း။
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံများစွာ၏ သမိုင်းကြောင်းအရ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား အချိန်ကြာမြင့်စွာ လွှမ်းမိုးထားနိုင်သည်ကို ဖော်ညွှန်းလျက် ရှိပါကြောင်း၊ ငြိမ်းချမ်းမှုမရှိပါက ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် သာယာဝပြောမှုတို့ မရရှိနိုင်ပါကြောင်း၊ ငြိမ်းချမ်းမှုသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း။
ဖွံ့ဖြိုးပြီးနှင့် အင်အားကြီးနိုင်ငံများ အပါအ၀င် နိုင်ငံအားလုံးသည် အကျပ်အတည်း၊ အခက်အခဲများနှင့် ရင်ဆိုင်နေရပါကြောင်း၊ မူဝါဒချမှတ်သူများ အနေဖြင့် တစ်ဦး၏ အကျပ် အတည်းအခက်အခဲများကို တစ်ဦးက နားလည် သဘောပေါက်အောင် ဖော်ဆောင်ပေးနိုင်မည် ဆိုပါက ကမ္ဘာကြီး၏ ပြဿနာများ ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမို လွယ်ကူ ထိရောက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း ဖြင့်သာ ခိုင်မာသည့် မိတ်ဖက်သံယောဇဉ်များ  ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း။
မိမိတို့အေဆမ်အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် သက်ဆိုင်သည့် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ ပဋိပက္ခများ၊ အမျိုးမျိုးအဖုံဖုံသော အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု တို့၏ အန္တရာယ် ကဲ့သို့သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် ပိုမိုတက်ကြွသော မိတ်ဖက်များ မရှိမဖြစ် လိုအပ်ပါကြောင်း။
ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ရရှိနိုင်သည့် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရာတွင် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေး၏ ဆောင်ပုဒ်ကို ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး Strengthening Partnership for Peace and Sustainable Development ဟု၍ မိမိတို့ သတ်မှတ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း။
အေဆမ်ခရီးစဉ်၏ ဆယ်စုနှစ်နှစ်ခုအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရေး နှင့် အပြန်အလှန် လေးစားမှု ဟူသည့် မူဝါဒများကို အခြေခံသော မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု သည် အမျိုးမျိုးသော အကျပ်အတည်းများကို ရင်ဆိုင်တွန်းလှန်နိုင်ခဲ့သည် ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအချင်းချင်းကြား သာမက ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက် အဖွဲ့အစည်းနှင့် ပြည်သူ အချင်းချင်းကြား မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပျိုးထောင်ကာ ဆက်ဆံရေးသစ်များ တည်ဆောက် ကြမည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသော အစည်းအဝေးသည် ပြီးခဲ့သောနှစ်က မွန်ဂိုလီးယား နိုင်ငံတွင် ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေး၌ အာရှနှင့်ဥရောပကြား မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြသည့် ၅၁ နိုင်ငံမှ ခေါင်းဆောင်များနှင့် အဖွဲ့အစည်း နှစ်ခုမှခေါင်းဆောင် များကို အပ်နှင်းထားသည့် တာဝန်ဝတ္တရားများအား အကောင်အထည် ဖော်ဆောင်မည့် မိမိတို့၏ ကတိက၀တ်ကို ထပ်လောင်းအတည်ပြု ခြင်းဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် မျက်နှာစုံညီ အစည်းအဝေးနှစ်ခု ပါဝင်မည်ဖြစ်ပါကြောင်း၊ ပထမ မျက်နှာစုံညီ အစည်းအဝေးသည် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ဟူသော ခေါင်းစဉ်အောက်တွင် ငြိမ်းချမ်း ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကိုမြှင့်တင်ရန် အလေးထားဆွေးနွေးမည် ဖြစ်ပါကြောင်း။
ဒုတိယမျက်နှာစုံညီ အစည်းအဝေးတွင် အေဆမ်ပူးပေါင်း ဆောင်ရွက်မှုအား ပိုမိုထိ ရောက် ချိတ်ဆက်မိအောင် လုပ်ဆောင်ရေးဟူသည့် အချက်ကို အလေးထားဆွေးနွေးမည် ဖြစ်ပြီး တတိယမြောက် ဆယ်စုနှစ်အတွက် အေဆမ်၏ စွမ်းဆောင်ရည်နှင့် ချိတ်ဆက်မှုကို မြှင့်တင်နိုင် မည့်နည်းလမ်းများ ရှာဖွေရေးဖြစ်ပါကြောင်း။
အေဆမ်၏ယန္တရားသည် အမြင်နှင့်မူဝါဒများ ဖလှယ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများရှာဖွေမည့်      အာရှနှင့် ဥရောပရှိ မူဝါဒရေးဆွဲသူများအတွက် အထူးအခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးပါကြောင်း။
အေဆမ်၏မူဝါဒများနှင့်အညီ မိမိတို့အနေဖြင့် မနက်ဖြန်တွင် သီးသန့် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ကြမည်ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးမှုကို လွတ်လပ်စွာ ဆွေးနွေး ကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အာရှနှင့် ဥရောပဒေသရှိ ငြိမ်းချမ်းမှုမြှင့် တင်ရေးနှင့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအပေါ် အဓိကဆွေးနွေးကြရန် မိမိတိုက်တွန်းလိုပါကြောင်း။
လူငယ်များသည် မိမိတို့လုပ်ဆောင်ချက်၏ အကျိုးဆက်များကို အမွေဆက်ခံရမည်ဖြစ်ရာ မိမိတို့ အေဆမ်ယန္တရားရှိ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် အားလုံးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် မရှိမဖြစ်လိုအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့အစည်းအဝေးနှင့် မနက်ဖြန်ကျင်းပမည့် အစည်းအဝေးသည် အေဆမ်ပူးပေါင်း ဆောင်ရွက်မှု၏ မဏ္ဍိုင်သုံးရပ်နှင့်အညီ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု မြှင့်တင်ရေး အတွက်သာမက ရရှိပြီးသား အောင်မြင်မှုကိုပြသရန် မိမိတို့ အားလုံး အတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်ဟု  မျှော်လင့်ပါကြောင်း ပြောကြားသည်။ 
ယင်းနောက် အာဆီယံနိုင်ငံများဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူး ဖိလစ်ပိုင်နိုင်ငံမှ H.E.Jose Luis G. Montales က ဖိလစ်ပိုင်နိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက် အစီအစဉ်တွင် ပါရှိသည့် ဦးစားပေးအစီ အစဉ်များအတိုင်း ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြုထားပါကြောင်း၊ ASEM ၏ သဘောသဘာဝမှာ ၄င်း၏ ကြီးမားသော ခွန်အားဖြစ်ပြီး ယင်းက အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ၊ ပေါ်လစီချမှတ် သူများ၊ ကျွမ်းကျင်သူများနှင့် လူမှုရေး အဖွဲ့အစည်းများ အကြားတွင် လွတ်လပ်ပွင့်လင်းပြီး ရိုးသားသော ဆက်ဆံရေးကို ဖြစ်ထွန်းစေပါကြောင်း၊ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ASEM ၏ ဒေါက်တိုင် ၃ ရပ်ကို မျှတစေရန် ဆက်လက်ထောက်ခံ သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့မြောက်နှင့် တောင်အာရှဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူး ပါကစ္စတန်နိုင်ငံမှ H.E.Mr.IMTIAZ AHMAD က ယခုအစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံအားလုံးနှင့် သက်ဆိုင်သော ကိစ္စတစ်ရပ်မှာ အကြမ်းဖက်မှုပင်ဖြစ်သော ကြောင့် ပါကစ္စတန်သည် အကြမ်းဖက်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး စစ်သည်များ၊ ဥပဒေကြပ်မတ်ရေးအဖွဲ့ဝင်များ များစွာ တိုင်းပြည်အတွက် အသက်ပေးခဲ့ရပါကြောင်း၊ ထို့အတူ ရာသီဥတုပြောင်းလဲမှုများ၊ ပဋိပက္ခများသည် တိုင်းပြည်များ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခက်အခဲများဖြစ်လာပါကြောင်း၊ ကုလသမဂ္ဂ၏ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ဖော်ဆောင်ရာတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ သာမက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မှာပါ ပိုမိုတိုးတက်လုပ်ဆောင် သွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဥရောပကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ Mrs. Federica Mogherini က ကမ္ဘာ့ပြဿနာများ ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသော ယခုလိုအပြောင်း အလဲနှင့် အခက်အခဲများ ကြုံတွေ့နေရသည့် ခေတ်ကာလတွင် ASEM ၏ အခန်းကဏ္ဍ သည် ပိုပြီး အရေးကြီးလာပါကြောင်း၊ အာရှတိုက်တွင် စီးပွားရေးကြီးစွာ ဖွံ့ဖြိုးတိုးတက် ရန်အတွက် အလားအလာများစွာ ရှိပါကြောင်း၊ အာရှတိုက်ကို အကျိုးဖြစ်ထွန်းစေမည့် ဥရောပ၏ ပူပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆောင်ရွက် နိုင်မည့် နယ်ပယ်များစွာရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဥရောပဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူး အက်စ်တိုးနီးယားနိုင်ငံမှ H.E.Mr.Sven Mikser  က လွတ်လပ်ပျော့ပြောင်းပြီး ပွင့်လင်းသည့်ဆွေးနွေးခြင်းများ ရှိသော ဥရောပနှင့် အာရှဆွေးနွေးပွဲသည် အစားမထိုးနိုင်သော ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဘုံသဘောတူညီချက်ရရန် ခက်ခဲသော်လည်း အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ပိုမိုကူးလူး ဆက်ဆံခြင်းဖြစ်စေရန် ဆုံးဖြတ်ချက်ချထားပါကြောင်း၊  ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်သည် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်သော်လည်း ယနေ့တွင် ထိုနည်းတူ အရေးကြီးပြီး အခက်အခဲများစွာ ရှိနေသော ကိစ္စရပ်အသစ်များကို ပိုမိုအာရုံစိုက်သင့် ပါကြောင်း၊ ဥပမာအချို့မှာ ကိုရီးယား ကျွန်းဆွယ်ပြဿနာ၊ ကမ္ဘာ့တစ်ဝှမ်းတွင် လူများအစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များပင်ဖြစ်ပါကြောင်း  ပြောကြားသည်။
ထို့နောက် အာရှ - ဥရောပ ဖောင်ဒေးရှင်းမှ လူငယ်ကိုယ်စားပြု မြန်မာနိုင်ငံမှ မယေ့တိုင် ဆိန်းက အေဆမ်တွင် လူငယ်များ တက်ကြွစွာပါဝင်ခြင်းသည် အဓိကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အေဆမ်၏ အနာဂတ်လမ်းကြောင်း အတွက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်နှင့် လူငယ်များ၏ အမြင်သဘောထား များကို မျှဝေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ မျှဝေ ခြင်းသည် လူငယ် အချင်းချင်းအကြား၊ ယဉ်ကျေးမှု အချင်းအချင်းအကြား မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာ အားကောင်း စေရန်နှင့် နိုင်ငံရေးဆိုင်ရာ အေဆမ်လုပ်ငန်းစဉ်နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းအကြား မိတ်ဖက်ပူးပေါင်းဖန်တီးမှုများကို လွှမ်းခြုံနိုင်ရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့အတူ အာရှ - ဥရောပ ဖောင်ဒေးရှင်းမှ လူငယ်ကိုယ်စားပြု စပိန်နိုင်ငံမှ Mr.Javier Baez  က အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုံးဖြတ်ချက်ချမှတ်သူများ (Decision -Makers)နှင့် ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အဓိက အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များ ကိုယ်စား မိမိတို့ ဤနေရာသို့ ရောက်ရှိနေ ခြင်းမှာ လူငယ်များ၏ သဘောထား အမြင်များဖြင့် အာရှ - ဥရောပ၏ အနာဂတ်ကို ပုံဖော်နိုင်ရန် ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် (၁၃)ကြိမ်မြောက် အာရှ - ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပထမနေ့ အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
(သတင်းစဉ်)

No comments:

Post a Comment