Tuesday, October 31, 2017

နေပြည်တော် လေဆိပ်တွင် Hotel ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းထံမှ မူးယစ်ဆေးဝါး၊ ဆက်သွယ်ရေးစက်၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ၍ စစ်ဆေး ဖော်ထုတ်မှု အခြေအနေ အသိပေး ထုတ်ပြန်ချက်



၁။ ၁၅-၁၀-၂၀၁၇ ရက်နေ့ ည(၇) နာရီအချိန် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့အမျိုးသား လေကြောင်းလိုင်း၊ နေပြည်တော်- ရန်ကုန် ခရီးစဉ်အမှတ် UB-142 ဖြင့် လိုက်ပါမည့် ခရီးသည် ဦးဖြိုးကိုကိုတင့်ဆန်း၊ ဦးရဲမင်းဆွေ၊ ဦးဇော်ဝင်းထိုက် တို့နှင့်အတူ ပါရှိသော ခရီးဆောင်အိတ် အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၂)ပြားနှင့် ICE ဟုယူဆရသော (အဖြူရောင်အခဲ) (၁.၅)ဂရမ်၊ ပစ္စတို (၂)လက်နှင့် ကျည်မျိုးစုံ (၇၂)တောင့်၊ National Security Council (US-609) စာတန်းပါ လည်ဆွဲကဒ် (၁)ခု၊ Drone (၁)ခု၊ PHYO KO KO TINT SAN (US-609) အမည်ပါ အထူးနိုင်ငံကူးလက်မှတ် (၁)အုပ်၊ အနက်ရောင် မှန်ဘီလူး (၁)လက်၊ ကင်မရာမျိုးစုံ  (၆)လုံး၊ စကားပြောစက် (၃)လုံးနှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ လေဆိပ်သို့ စီးနင်းလာသည့် YGN 2C-5759 နံပါတ်ပါ အနက်ရောင် HUMMER မော်တော်ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့၍ လယ်ဝေးမြို့နယ်၊ အေလာနယ်မြေရဲစခန်း မယ(ပ) ၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၂၂(ခ)/ ၂၁ ဖြင့်  စတင် အမှုဖွင့် အရေးယူခဲ့ပါသည်။

၂။ စစ်ဆေး ဖော်ထုတ်ချက်များအရ ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် Hotel ACE မှ ပစ္စတိုမျိုးစုံ (၈)လက်၊ ကျည်မျိုးစုံ (၈၉၅)တောင့်၊ ကျည်ကာအင်္ကျီ  (၁)ထည်၊ စနိုက်ပါမှန်ပြောင်း (၁)လက်နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး Hotel ACE မှ ဝန်ထမ်းများ ဖြစ်သော ဦးသီဟ၊ ဦးအောင်နိုင်၊ ဦးရန်အောင်စိုး၊ ဦးဂျိုးဇက်(ခ) ဦးစယောသ၊ ဦးဇင်ကိုလတ်(ခ) ဇင်ကို၊ ဦးအောင်ရဲဖြိုး၊ ဦးမျိုးမြင့်ဇော်(ခ) ကိုမျိုးနှင့် မခင်မျိုးဝင်း တို့ (၈)ဦးအား အမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ပါသည်။ အစစ်ခံချက်များ အရ ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင် ACE Group of Companies အဆောက်အဦကို ရှာဖွေ စစ်ဆေးရာ ACE ဟိုတယ် မန်နေဂျာ ဦးဖြိုးဗိုလ်ဗိုလ်နှင့် အတူ M-16 သေနတ် (မောင်းတုံးမပါ) (၁)လက်၊ M-16 ပုံစံ သံဘောစေ့ ထည့်ပစ်ရသည့် ပြောင်းရှည် သေနတ် (၁)လက်၊ ကျည်ကာ အင်္ကျီပုံစံ ချုပ်ထားသော အနက်ရောင်တူညီ ဝတ်စုံ Waist Coat (၁၅)ထည်၊ Drone (၅)ခု၊ ၉မမ ပစ္စတိုကျည် (၂)တောင့်၊ သံဘောစေ့ (၁၀၀)လုံး၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၈)ပြား၊ လက်နက်ငယ် သေနတ်တွင် တပ်ဆင် အသုံးပြုသည့် ပြောင်းရှည် (၁)ခု၊ မောင်းတုံး (၁)ခု၊ စကားပြောစက် (၉)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)လက်၊ စနိုက်ပါမှန် ပြောင်း(၁)လက်၊ ကွန်ပျူတာ လက်တော့ (၂)လုံးနှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ ဦးဖြိုးကိုကိုတင့်ဆန်း ငှားရမ်း နေထိုင်သည့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ငွေဝတ်မှုန် ရိပ်သာလမ်း၊ နေအိမ်မှ စကားပြောစက် (၁)လုံး၊ ၅.၅၆ ကျည်(၃) တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၂)ပြားတို့အား သိမ်းဆည်း ရမိခဲ့ပါသည်။
၃။ ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ACE Group of Companies အဆောက်အဦရှေ့ ယာဉ်ရပ်နားကွင်းတွင် ရပ်ထားသော YGN 2N-5445 နံပါတ်ပါ HUMMER အနက်ရောင် မော်တော်ယာဉ်ပေါ်မှ ပလပ်စတစ် ဘောစေ့ ထည့်ပစ်ခတ်ရသော ပလပ်စတစ် ကိုယ်ထည် ပစ္စတိုပုံစံ(၁) လက်၊ ACE ဝန်ထမ်း ဦးစိုးမြင့်ကျော်နှင့် ဦးချမ်းငြိမ်းအောင်တို့ထံမှ စကားပြောစက် (၁)လုံး၊ မူးယစ် ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသော ဆက်စပ် ပစ္စည်းများ၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် ပစ္စတို သေနတ် (၂)လက်၊ ၅.၅၆ ကျည် (၁၀) တောင့်တို့အား လည်းကောင်း အဆိုပါနေ့မှာပင် နေပြည်တော် Hotel ACE အခန်းများနှင့် ခြံဝင်းအတွင်း ဝှက်ထားသည့် Drone (၇)ခု၊ ပစ္စတို (၃)လက် (အပျက် ၁ လက် အပါအဝင်)၊ M-21 (၁)လက် (အပျက်)၊ M-16 (၄)လက်၊ ကျည်မျိုးစုံ (၂၁၇) တောင့်တို့အား ထပ်မံ သိမ်းဆည်း ရရှိခဲ့ပါသည်။
၎။ ဆက်လက် စစ်ဆေး ပေါ်ပေါက်ချက်များ အရ ၁၈-၁၀-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ရှိ Hotel ACE လုံခြုံရေး ရုံးခန်းအတွင်းမှ စကားပြောစက် (၂၁)လုံး၊ ဒူးလေး (၃)လက်နှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း၊ ၁၉-၁၀-၂၀၁၇ ရက်နေ့တွင် ဟိုတယ်ဝင်း အတွင်းမှ National Security Council စတစ်ကာ တံဆိပ်များ တပ်ထားပြီး ယာဉ်ခေါင်မိုးပေါ်တွင် မီးတန်းများ တပ်ဆင်ထားသည့် အနက်ရောင် HUMMER မော်တော်ယာဉ် (၃)စီး၊ စစ်စိမ်းရောင် အင်္ကျီလက်တို (၁)ထည်၊ ပြောက်ကျားအင်္ကျီ (၁)ထည်တို့အား သိမ်းဆည်း ရမိခဲ့ပါသည်။
၅။ ဟိုတယ်မှ သိမ်းဆည်း ရရှိခဲ့သည့် NATIONAL SECURITY COUNCIL ကြေးပြား တံဆိပ်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သစ္စာလမ်းရှိ နန်းသပြေဆိုင်မှ ပြုလုပ်ပေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၁၉-၁၀-၂၀၁၇ ရက်နေ့တွင် အဆိုပါ ဆိုင်အား ရှာဖွေခဲ့ရာ Lenovo တံဆိပ်ပါ လက်တော့ ကွန်ပျူတာ (၁) လုံး၊ ပရင်တာ (၁)လုံး၊ အက်စစ်အပူမှုန့် (၁)ထုတ်၊ ၁၃× ၂၄ လက်မရှိ ကြေးပြား (၁)ချပ်တို့အား သိမ်းဆည်း ရရှိခဲ့သဖြင့် ဆိုင်ရှင်ကိုလည်း အမှုဖွင့် အရေးယူခဲ့ပါသည်။
၆။ ၂၀-၁၀-၂၀၁၇ ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ရှုမဝလမ်းနှင့် ရွှေသပြေလမ်းဒေါင့်ရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်မှ ပစ္စတိုသေနတ် (၁)လက်၊ ၉မမကျည် (၈)တောင့်တို့အား လည်းကောင်း ၂၃-၁၀-၂၀၁၇ ရက်နေ့တွင် ဦးဖြိုးကိုကိုတင့်ဆန်း၏ ထွက်ဆိုချက်အရ သိမ်းဆည်း ရရှိထားသော M-16 သေနတ်ဒင်၊ ဘက်ထရီ ထည့်သည့် အပေါက်အတွင်းမှ ICE အဖြူရောင်အခဲ ၃.၀၅ ဂရမ်အား လည်းကောင်း၊ နေပြည်တော် Hotel ACE ရုံးခန်းအတွင်းမှ Drone (၁)ခုတို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပါသည်။
၇။ လတ်တလော စစ်ဆေးချက်များအရ ဦးဖြိုးကိုကိုတင့်ဆန်းသည် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းသည် ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပသော အာရှအားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် သွားရောက်စဉ် အထူးနိုင်ငံကူး လက်မှတ်အား  တရားဝင် ရရှိထုတ်ယူခဲ့ပြီး  ပြန်လည် ရောက်ရှိသည့် အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အပ်နှံရမည် ဖြစ်သော်လည်း ပြည်ပသို့ မကြာခဏ သွားလာလေ့ ရှိသဖြင့် လက်ဝယ်တွင် ကိုင်ဆောင် ထားကြောင်း၊ သိမ်းဆည်းရမိသော HUMMER ယာဉ် (၅)စီးအား ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ စာရွက်စာတမ်းများ ပေးပို့ စစ်ဆေးခဲ့ရာ တရားဝင် မှတ်ပုံတင် ထားကြောင်း သိရှိရသော်လည်း အဆိုပါ ယာဉ်များတွင် လုံခြုံရေး ဆောင်ရွက်သည့် ယာဉ်များကဲ့သို့ မီးတန်းများ တပ်ဆင်ခြင်း၊ National Security Council (SPECIAL FORCE) SPIRIT DISPILINE POWER စတေကာ ကပ်လျက် တပ်ဆင်၍ အသုံးပြုခဲ့ခြင်းကြောင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိပါသည်။
၈။ ဖြစ်စဉ်နှင့် ပတ်သက်၍ WY စိတ်ကြွ ရူးသွပ်ဆေးပြား(၂၂)ပြား၊ ICE ၄.၅၅ ဂရမ်ခန့်နှင့် စိတ်ကြွဆေးပြား သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ပစ္စတိုသေနတ် (၁၄)လက် (အပျက် ၁ လက် အပါအဝင်)နှင့် ၎င်းကျည် (၁၀၈၂)တောင့်၊ မောင်းပြန်ရိုင်ဖယ် (၆)လက် (အပျက် ၁ လက်၊ မောင်းတုံးမပါ ၁ လက်)၊ ၎င်းကျည် (၁၂၅)တောင့်နှင့် ဆက်စပ် ပစ္စည်းများ၊ သံဘောစေ့/ ပလပ်စတစ် ဘောစေ့ဖြင့် ပစ်ခတ်ရသည့် သေနတ် (၄)လက် (ပလပ်စတစ်/ သံကိုယ်ထည် ပစ္စတိုပုံစံ ၃ လက်၊ M-16 ပုံစံ  ၁ လက်)၊ စကားပြောစက် (၃၅)လုံး (အထိုင်စက် ၃ လုံးပါ)နှင့် ဆက်စပ် ပစ္စည်းများ၊ Drone (၁၄)ခု၊ တရားမဝင် တံဆိပ်များ၊ ကျည်ကာ အင်္ကျီပုံစံ ချုပ်ထားသော အနက်ရောင် တူညီဝတ်စုံ Waist Coat (၁၅)ထည်၊ ဒူးလေး (၃)လက် (ကြိုးပါ ၁၊ ကြိုးမပါ ၂)၊ ကျည်ကာအင်္ကျီ (၁)ထည်တို့အား တရားခံ ဦးဖြိုးကိုကိုတင့်ဆန်း ပါ (၁၅) ဦးတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၂(ခ)/ ၂၁ အရ အရေးယူမှု (၂)မှု၊ ၁၅/ ၁၆(ဂ)အရ အရေးယူမှု (၁)မှု၊ ၁၆(ဂ)/၂၂(ခ)အရ အရေးယူမှု (၁)မှု ပေါင်း(၄)မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ အရေးယူမှု (၄)မှု၊ ပို့ကုန်/ သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူမှု (၃)မှု၊ မြန်မာနိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆(၁) (က) (င) အရ အရေးယူမှု(၃)မှု၊ လက်နက် (ယာယီ ပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၁၉-က အရ အရေးယူမှု(၁)မှု၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ အရေးယူမှု (၁)မှု ပေါင်း (၂)မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၈၄ အရ အရေးယူမှု (၁)မှု၊ စုစုပေါင်း (၁၇)မှုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက်လျက် ရှိပါသည်။
၉။ အမှုဖြင့် ဖမ်းဆီးထားသော ဦးဖြိုးကိုကိုတင့်ဆန်းပါ တရားခံ (၁၅)ဦးနှင့် ပတ်သက်၍ ၎င်းတို့ထံတွင် ဝှက်သိမ်း ထားသော လက်နက် ခဲယမ်းများ ကျန်ရှိမှု ရှိ/ မရှိ စိစစ်ဖော်ထုတ်မှု၊ လက်နက် ခဲယမ်းများ ဝယ်ယူ၊ သယ်ဆောင်ရာ လမ်းကြောင်းနှင့် ကွင်းဆက် တရားခံ ဖော်ထုတ်မှု၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကွင်းဆက် တရားခံ ဖော်ထုတ်မှု၊ တရားဝင် လုံခြုံရေး အဖွဲ့အစည်းနှင့် ဆင်တူသည့် တူညီဝတ်စုံများ၊ တံဆိပ် အမှတ်အသားများ၊ မော်တော်ယာဉ်များ ခွင့်ပြုချက် မရှိဘဲ အသုံးပြုသော Drone များ၊ ဆက်သွယ်ရေးစက်များ၊ လုံခြုံရေး တပ်ဖွဲ့သုံး ဆက်စပ် ပစ္စည်းများအား အသုံးပြုနေကြောင်း တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်မှန် ဖော်ထုတ်နိုင်ရေးတို့ အတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ ဆက်လက် စစ်ဆေးလျက် ရှိကြောင်းနှင့် စစ်ဆေး ပေါ်ပေါက်ချက်များ အပါအဝင် ထပ်မံ စစ်ဆေး ပေါ်ပေါက်လာမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့

No comments:

Post a Comment