Wednesday, October 4, 2017

တာပလပ်ကျေးရွာ၌ ဆီအုန်းကုမ္ပဏီတာဝန်ခံနေအိမ် မီးလောင်မှုဖြစ်ပွားခဲ့

တနင်္သာရီ     အောက်တိုဘာ   

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု- တာပလပ်ကျေးရွာရှိ ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီခြံခွဲအတွင်းမှ ကုမ္ပဏီတာဝန်ခံ၏ နေအိမ်တွင် အောက်တိုဘာလ ၃ ရက် ည ၇ နာရီ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် အခင်းဖြစ်ပွားရာသို့ မြို့မရဲစခန်းမှ ဒုရဲမှူး တင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး-ဦးမျိုးမျိုးနိုင်နှင့် ဝန်ထမ်းများသည် အသိသက်သေများဖြစ်သော သိန်ခွန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြတ်ဇော်၊ တာပလပ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးလှဝင်းနှင့်အဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းဆီအုန်းကုမ္ပဏီတာဝန်ခံ ဦးမျိုးမျိုးအောင်(၄၂)နှစ် ၏ အလျား(၃ဝ)ပေx အနံ(၂၅)ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ဆောင် နေအိမ်မှာ ည ၇ နာရီအချိန်၌ မီးစတင်လောင်ကျွမ်းခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်မှုဖြင့် ည ၇နာရီ၁၅ အချိန်၌  မီးငြိမ်းသွားခဲ့ပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။


မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးရာ အိမ်ရှင် ဦးမျိုးမျိုးအောင်သည် ည ၇ နာရီအချိန် တားပလပ်ရွာသို့ လက်ဖက်ရည် သွားသောက်စဉ် နေအိမ်မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်း  ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နေအိမ်မီးဖိုအား ပေါ့လျော့စွာ အသုံးပြုသူ ဦးမျိုးမျိုးအောင်(ရွှေကမ္ဘေဇဆီအုန်းကုမ္ပဏီတာဝန်ခံ) အား  ဥပဒေအရ အရေးယူပေးပါရန် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမျိုးနိုင်မှ  တရားလိုပြုတိုင်တန်းသဖြင့် အောက်တိုဘာလ ၄ရက် နံနက်၂နာရီ ၁၅အချိန်တွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး အမှုစစ်အဖြစ် ဒုရဲအုပ် ကျော်ငြိမ်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

No comments:

Post a Comment