Tuesday, October 3, 2017

မင်းကွန်းဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြားလျက်ရှိ



 
စစ်ကိုင်း  အောက်တိုဘာ ၃

မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တစ်နေ့ထက်တနေ့ ကမ္ဘာက သိရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းဒေသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများပြားလျက်ရှိကြောင်း သိရသည်။


"ဒီမင်းကွန်းဒေသကို ပြည်ပခရီးသွားတွေ လာရောက်လေ့လာတာ ယခု အောက်တိုဘာလ မှ စ၍ သိသိသာသာ လာရောက်မှု များပြားလာပါတယ်၊ ဒီဒေသမှာရှိ မင်းကွန်းခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး နှင့် မြသိန်းတန်စေတီ၊ မင်းကွန်း ဘိုးဘွားရိပ်သာ၊ ကြက်ဒေါင့်ကန်တော်ကြီး အစရှိတဲ့နေရာတွေကို သွားရောက်လေ့ လာတာ များပါတယ်" ဟု ဒေသခံတစ်ဦးက ပြောပြသည်။

"ကျွန်တော်တို့ ဒီမင်းကွန်းဒေသကို မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်းမှ တဆင့် သင်္ဘောနဲ့ ဧရာဝတီမြစ် သဘာဝ အလှကို ခံစားရင်း လာရောက်လေ့လာတာပါ၊ ကျွန်တော်တို့အဖွဲ့မှာ နိုင်ငံခြားသား အယောက်(၃၀)ဦး ပါ ပါတယ်၊ အင်္ဂလန်၊ အမေရိကန်၊ ဆွစ်စလန် နိုင်ငံသားတွေပါ၊ ဒီမင်းကွန်း ဒေသမှာရှိတဲ့ ရှေးဟောင်းစေတီပုထိုးတွေနဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေကို လာရောက်လေ့လာတာပါ" ဟု ခရီးသွား ဧည့်လမ်းညွှန် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာတွင်သာမက ကမ္ဘာကပါ ထင်ရှားကျော်ကြားသော အဆောက်အဦများ မှတ်တမ်းများ တည်ရှိရာ မင်းကွန်းဒေသသည် မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာ ဒေသတစ်ခု ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment