အရာတော် အောက်တိုဘာ ၂
မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင်
ယခုနှစ်အတွင်း မူလရှိပြီးသနပ်ခါး မျိုးဟောင်းများနေရာတွင် မျိုးအသစ်များ ပြောင်းလဲစိုက်ပျိုးမှု
များပြားခဲ့သည့်အပြင် လျှော်ဖြူပင်စိုက်ပျိုးရေး ပြောင်းလဲလုပ်ကိုင်သူများရှိလာသဖြင့်
သနပ်ခါးဈေးနှုန်း များ ကျဆင်းလျက်ရှိကြောင်း သနပ်ခါး စိုက်ပျိုးရေး လုပ်ကိုင်သူများ၏
ပြောကြားချက်အရ သိရသည်။
'' သနပ်ခါးကစိုက်ပြီး
ငါးနှစ်လောက်ကနေစပြီးသုံးလို့ရပါပြီ (၇)နှစ်သား အထိလည်းထားကြတယ်၊ (၁ဝ)နှစ်သားအထိ ထားမယ်
ဆိုရင်တော့ အကောင်းဆုံးပေါ့၊ (၁ဝ)နှစ်သား တစ်ပင်ကို နှစ်သောင်း၊ သုံးသောင်း ကျပ်အထိဈေးရတယ်၊
အခုအရာတော်မှာက အရောင်းအဝယ်ကောင်းတယ်၊ ဖြုန်းကွက်လည်း မနည်းဘူး၊ ရှေးမျိုးနဲ့စိုက်တဲ့
သနပ်ခါးပင်တွေ ကတော့ ဈေးနည်းတယ်၊ ခေတ်မျိုးတွေကျတော့ ပုံမှန်ဈေးနှုန်းပါပဲ၊ သနပ်ခါးစိုက်ကွက်တွေက
နှစ်တိုင်းလိုပဲ သိပ်ပြီးမများပါ ဘူး ဒါပေမယ့် သနပ်ခါးကြားထဲမှာ အခုနှစ်မှာ လျှော်ဖြူပင်တွေ
ညှပ်စိုက်တာများလာတယ်၊ သနပ်ခါးကတော့ ကိုယ့်ရှိတဲ့ဧကလေးတွေရဲ့ ကြားထဲမှာ လျှော်ဖြူပင်တွေကို
ညှပ်ပြီးစိုက်ကြတာ၊ လျှော်ဖြူပင်က သနပ်ခါးလိုတော့ အပင်သိပ်မများဘူး ဧကချင်းတူရင် သနပ်ခါးထက်
အပင်အရေအတွက်နည်းတယ်၊ သနပ်ခါးက တစ်ဧကကို အပင်ရေ အတွက် (၅ဝဝ) လောက်စိုက်ရင် လျှော်ဖြူပင်က
အပင် (၃ဝဝ) လောက်တော့ဆန့်မယ် ထင်ပါတယ်၊ လျှော်ဖြူပင်စိုက်ပျိုးမှု က ဈေးကွက်ကောင်းတဲ့အတွက်
အစိုက်များလာတာပါ၊ လျှော်ဖြူက စိုက်ပျိုးပြီး (၃) နှစ်လောက်ကြာရင် အစေးစထုတ် လို့ရပြီလို့တော့ပြောတယ်၊
အခုဒီမှာက အစေးတစ်ပိဿာကို ကျပ်သုံးသောင်းကနေ ငါးသောင်း အထိဈေးရတယ်၊ လျှော်ဖြူပင်တွေလည်းပြောင်းပြီး
စိုက်ကြတဲ့အတွက် သနပ်ခါးဟောင်း ဈေးကျတယ်လို့ ပြောရမှာပါ'' ဟု အရာတော် မြို့တွင် သနပ်ခါးရောင်းဝယ်ရေးလုပ်ကိုင်သူ
ဦးစိုးဝင်းက ပြောသည်။
အရာတော်မြို့နယ်တွင်
သနပ်ခါးပင်စိုက်ပျိုးရေးတွင် မျိုးအဟောင်း များနေရာတွင် မျိုးအသစ်များကို ပြောင်းလဲစိုက်ပျိုးသူ
များလာခဲ့သည့် အပြင် လျှော်ဖြူပင်စိုက်ပျိုးသူများ ပေါများလာသဖြင့် မျိုးအဟောင်းများ
စိုက်ပျိုးထားသောစိုက်ခင်းများကို သနပ်ခါးခြံဖြတ်ဈေးဖြင့် ရောင်းချရာတွင် ယခင်ငွေကျပ်(၁ဝ)သိန်းရနိုင်သည့်
အခင်းများသည် ယခုအခါတွင် ငွေကျပ် (၈) သိန်းခန့်သာ ရရှိတော့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
 
No comments:
Post a Comment