Saturday, September 23, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒသမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


ရန်ကုန်၊ စက်တင်ဘာ ၂၃

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဒသမအကြိမ် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးခင်မောင်ချို၊ ဒေါက်တာ သန်းမြင့်နှင့် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ၀န်ကြီးများ ဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ် လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ ပရိဘောဂစက်မှုလက်မှု အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက  ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံခဲ့ရာ ယခုဆိုလျှင် (၁၀)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ခုနှစ် သြဂုတ်လ အထိ လစဉ်ပုံမှန်တွေ့ဆုံ မှု(၉)ကြိမ်ရှိခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲများမှ စီးပွားရေး လုပ်ငန်းရှင်များ၏ တင်ပြချက်နှင့် အခက်အခဲများ ၁၄၂ ချက် ရရှိခဲ့ပါကြောင်း၊ အဆိုပါ တင်ပြချက်များကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက စုစည်း၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ တာဝန်ခံ ၀န်ကြီးဌာနဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ နှင့် လုပ်ငန်း ကော်မတီများသို့ ထပ်မံပေးပို့ခဲ့ရာ အကြံပြုချက် ၁၄၂ ချက်တွင် ဖြေရှင်းပြန်ကြားချက် ၁၃၆ ချက်ကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံ ပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အချို့သော အချက်များမှာ ဥပဒေနှင့် ဆက်နွယ်နေသည့် အချက်များဖြစ်၍ အချိန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး မဏ္ဍိုင် ၅ ရပ်ကို တာဝန်ယူ ဆောင်ရွက်ကြသည့် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ၏ အစည်းအဝေးများကို တစ်လလျှင်တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း ၄၆ ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေး လျှက်ရှိပါကြောင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့ နယ်ပယ်တွင် ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အနေဖြင့် ယခုနှစ် သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်ရှိပြီး ယခင်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး သာရှိသဖြင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် ၂ ဒဿမ ၉ ဘီလီယံခန့် တိုးတက်လာသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးပြီး တည်ငြိမ် အေးချမ်းသည့် နေရာဒေသများတွင် ဆောင်ရွက်ရုံမျှမက ဖွံ့ဖြိုးမှုအားနည်းပြီး တည်ငြိမ် အေးချမ်းမှုမရှိသည့် နေရာ ဒေသများတွင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အဆိုပါဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ၀င်ငွေတိုးလာမည်ဖြစ် ပါကြောင်း၊ ဥပမာအနေဖြင့် ရခိုင်ပြည်နယ် မောင်တော ဒေသ ကညင်ချောင်း ကုန်သွယ်ရေးဇုန် ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာ ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များ ကလည်း ရင်းနှီးမြုပ်နှံမှုများ ထည့်ဝင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ထပ်မံ ၀င်ရောက်နိုင်ရေးကိုလည်း ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးအတွက်လည်း များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး ကွက်လပ် မကျန်အောင် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြင်ဆင်ခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ များစွာ ၀င်ရောက်လာစေရန်အတွက် ရည်ရွယ်၍ အခွန်နှုန်းထားများ ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့ရာ ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများ၌ ၇ နှစ်၊ အသင့် အတင့်ဖွံ့ဖြိုးသည့် ဒေသများ၌ ၅ နှစ်နှင့် ဖွံ့ဖြိုးပြီးသည့် ဒေသများ၌ ၃ နှစ် အခွန်ကောက်ခံမှု ကင်းလွတ် ခွင့်ပေးထားပါကြောင်း၊  ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံး အချိုးညီညီ မျှမျှတတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပိုမိုပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်လျှက်ရှိရာ ကဏ္ဍအလိုက် ဆွေးနွေးမည့် သူများအနေဖြင့် ပုဂ္ဂလိက တစ်ဦးချင်း အခက်အခဲများကို ဦးစားပေး ဆွေးနွေးခြင်းထက် အဖွဲ့အစည်း၊ အသင်းအဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြု၍ ထိရောက်စွာ ဆွေးနွေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြပြီး မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ပရိဘောဂစက်မှု လက်မှုအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည် များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိ သူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment