Thursday, August 10, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း UNESCO အကြံပေးပုဂ္ဂိုလ်အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၀
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) မှ နိုင်ငံတကာ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ် Mr. Etienne Clement အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  မြန်မာနိုင်ငံရှိယဉ်ကျေးမှုနှင့် ရှေးဟောင်းဆိုင်ရာဥပဒေများမှာ ကောင်းမွန်ပြည့်စုံမှုရှိပါကြောင်း၊ ဥပဒေများအား အကောင်အထည်ဖော်ရာတွင် ထိရောက်အောင်မြင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များ၊ ပြည်သူများနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များအနေဖြင့် ဥပဒေများပြဌာန်းချက်များကို နားလည် သဘောပေါက်ရန် လိုအပ်ပါကြောင်း။
နှစ်ပေါင်း ၁၀၀ ကျော်သည့် ပစ္စည်းများအား ရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်သည်ကိုလည်း သိရှိကြရန် လိုအပ်ပါ ကြောင်း၊ ရှေးဟောင်းပစ္စည်းဖြစ်ပါက နိုင်ငံတော်မှ ပိုင်ဆိုင်ပြီး လွဲပြောင်းခြင်း၊ ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက် နိုင်သည်ကို သိရှိရန်လိုအပ်ပါကြောင်း။
 ဥပဒေများအား အကောင်အထည်ဖော်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက် ရန်လွန်စွာအရေးကြီးပါကြောင်းစသည်ဖြင့် အပြန်အလှန် ဆွေး‌နွေး‌ကြသည်‌။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် တာဝန်‌ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment