Tuesday, August 1, 2017

နေပြည်တော်တွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး



နေပြည်တော် သြဂုတ် ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ ၁ ရက်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု လက်ရှိဖြစ်ပွားလျက် ရှိသော ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ရောဂါသည် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ၂ဝဝ၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊  လက်ရှိတွင် အဆိုပါရောဂါဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသနေသူ (၂)ဦးရှိရာ ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်စောင့်ကြပ်ကြည့်ရှုကုသပေးမှုနှင့်အတူ ကျန်းမာရေး ကောင်းမွန်လျက်ရှိနေကြောင်း၊ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ လူနေထူထပ်သော နေရာများတွင် နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်၊ နှာခေါင်းကို လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် တစ်ခါသုံးပါးစပ်နှာခေါင်းစည်းများကို အသုံးပြုကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွားမှုသံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်၍ ဆေးကုသမှုခံယူကြရန်၊ သက်ဆိုင်ရာဌာနများက ပြည်သူလူထုအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သဘာဝဘေး/ကူးစက်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေမှူအခြေအနေများကို လည်းကောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန Regional Surveillance Officer ဒေါက်တာ အေးအေးမာက ရာသီတုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်များ အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment