Thursday, August 24, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၉ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် သြဂုတ် ၂၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၉ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ မွန်ပြည်နယ် အပါ အ၀င် တစ်နိုင်ငံလုံးရှိ မြို့နယ်အတော်များများတွင် (ရှစ်လုံးတပ် လော်စပီကာ Loud Speaker)နှင့် တွဲလျက် (Sound Box) အလုံးကြီးများ စည်းကမ်းမဲ့စွာ အလွန်အကျွံ ဖွင့်လှစ် အသုံးပြုလာခြင်းသည် ပြည်သူတိုင်း ကိုယ်စိတ်ကျန်းမာရေးကို အထူး ထိခိုက်စေသည့် လုပ်ဆောင်ချက်များ ဖြစ်သဖြင့် ထိရောက်စွာ ကန့်သတ်တားမြစ် ထိန်းကွပ်သွားမည့် ဥပဒေ ထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အသံချဲ့စက် ဖွင့်လှစ် ခွင့်ပြုမိန့် နှင့်ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ ပုဒ်မ - ၁၄၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါကြောင်း၊ အသံချဲ့စက် ဖွင့်လှစ်ခွင့် ရရှိသူသည် အများပြည်သူအား အနှောင့်အယှက် မဖြစ်ရန်အတွက်ခွင့်ပြုသည့် ဥပစာ အတွင်း အများပြည်သူကြား သိရုံမျှသာဖွင့်လှစ်ခြင်း၊ အသံဖိအားကို ကျင်းပသည့် အခမ်းအနား အပေါ်မူတည်ပြီး Sound Level သတ်မှတ် ထိန်းချုပ် ဖွင့်လှစ်ရန်နှင့် အသံချဲ့စက်ဖွင့်ရန် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ခြင်းမပြုပါက ဥပဒေပုဒ်မ - ၂၇ ဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲတင် ဆောင်ရွက်နိုင်ပြီး ငွေကျပ် ၅၀၀၀ ထက် မပိုသော ငွေဒဏ် ချမှတ်ရမည်ဖြစ်ပါကြောင်း၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ၇ ရက်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

ထိုကြောင့် ရပ်ကွက်ကျေးရွာ အုပ်စုများတွင် အသံချဲ့စက် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ စိတ်ကျန်းမာရေးကို အထူးထိခိုက်သည့် လုပ်ဆောင်ချက်များ မဖြစ်ပေါ်ရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ် သဖြင့် ဥပဒေ တစ်ခု သီးခြားထုတ်ပြန်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်း၏ ရခိုင်ပြည်နယ် မေယုမြစ် အနောက် ဘက်ခြမ်းနှင့် နတ်မြစ်အရှေ့ဘက်ခြမ်း နယ်မြေအတွင်း အတည်တကျ နေထိုင်လျက်ရှိကြသော ရခိုင်၊ ခမွီး၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန် စသည့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသား လူနည်းစု များအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့မှ ရပ်ရွာ လူ့အဖွဲ့အစည်း လုံခြုံရေး (Community Security) ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် နယ်စပ်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားလာမှုကို ဖြေရှင်းနိုင်ရန်နှင့် ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအား ဟန်ချက်ညီဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ကော်မတီများ ဖွဲ့စည်း၍ ကြီးကြပ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက စဉ်ဆက်မပြတ် သွားရောက်၍ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရေ ရှည်အစီအမံများ ချမှတ်ဆောင်ရွက်နေသည့်အပြင် ဒေသအတွင်း လက်ရှိအခြေအနေများအရ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် စစ်တွေခရိုင်နှင့် မောင်တောခရိုင် အတွင်းရှိ ဆက်စပ်သော လမ်း၊ တံတားများနှင့် မေယုတောင် ကြော အရှေ့အနောက် ဆက်သွယ်သည့် တောင်ကျော်လမ်းများ၊ လမ်းကွန်ရက် များကိုလည်း ဦးစားပေး လုပ်ဆောင်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည် အစီအမံများဖြင့် ဖြေရှင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ သတိထား၍ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည် ဖြစ်ပါကြောင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုကြောင့် ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မေယုမြစ် အနောက်ဘက်ခြမ်းနှင့် နတ်မြစ် အရှေ့ဘက်ခြမ်း နယ်မြေ အတွင်း တည်ရှိသော မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်တို့တွင် အတည် တကျ နေထိုင်လျက်ရှိသည့် ရခိုင်မျိုးနွယ်စုများ အပါအ၀င် ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေး နှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပေါင်းစပ်ပြီး ရဲကင်း၊ ရဲစခန်းများ တိုးမြှင့်ခြင်း၊ လုံခြုံရေးအင်အား တိုးမြှင့်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ဖြစ်ပေါ်လာသော မူခင်းများအား ဖော်ထုတ်အရေးယူနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်အောင် တပ်မတော် နှင့်ပူးပေါင်း၍ နယ်မြေ ရှင်းလင်းမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ် တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ကြေညာသည်။ 

ယင်းနောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ မြန်မာနိုင်ငံ၏ ငါးနှင့် ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးလှဆန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း တို့က ထောက်ခံဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၅၀ ရက်မြောက်နေ့ကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ 

သူရဇော်၊ မီမီဖြိုး

No comments:

Post a Comment