Monday, August 7, 2017

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် အပူပိုင်းဇုန်အတွင်း မြို့နယ်များရှိ ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖို အလုံး(၁၁ဝဝဝ)ကျော် အခမဲ့ဖြန့်ဝေပေးသွားမည်



မုံရွာ သြဂုတ် ၇

အပူပိုင်းဇုန် အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် (၁၇)မြို့နယ်ရှိ ကျေးရွာများသို့ ထင်းအစားထိုး အခြားလောင်စာများဖြင့် တွဲဘက်အသုံးပြုနိုင်သည့် စွမ်းအားမြှင့် မီးဖို (၁၁၂၈ဝ)လုံးကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အလိုက် အခမဲ့ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုကို လျော့ချနိုင်ပြီး ၎င်းမီးဖိုဖြင့် လောင်စာတောင့်များကို အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိသည့် စွန့်ပစ်အမှိုက်များကို အသုံးပြု ချက်ပြုတ်နိုင်ခြင်းတို့ကြောင့် အပူပိုင်းဒေသရှိ သစ်ပင်များကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်သဖြင့် ဘဏ္ဍာနှစ်အလိုက် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ကျေးရွာများတွင် ထင်းသုံးစွဲမှုကို လျော့ချနိုင်ရန် အတွက် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပြီး မဲစနစ်ဖြင့်အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
''စွမ်းအားမြှင့်မီးဖိုတွေ ဖြန့်ဝေပေးတာက အဓိက ထင်းသုံးစွဲမှုကို လျော့ချနိုင်အောင်လို့၊ ထင်းအစား အခြားလောင်စာတွေ အသုံးပြုနိုင်တဲ့အသိပညာတွေရရှိပြီး လောင်စာတောင့်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းကရရှိတဲ့ စွန့်ပစ်အမှိုက်တွေကို အလေ အလွင့်မရှိ အသုံးပြုနိုင်တယ်၊ အဲဒီအတွက် အသိပညာပေးဟောပြောပွဲတွေ လုပ်တယ်၊ မြို့နယ်အဆင့်မှာ ဦးစီးအရာရှိနဲ့ တောအုပ်ကြီးအဆင့်တို့က တစ်လကို(၃)ကြိမ်နှုန်း၊ ခရိုင်အဆင့်မှာဆိုရင် လက်ထောက်ညွှန်ကြားရေးမှူးက တစ်လကို(၂)ကြိမ်၊ တိုင်းဒေသကြီးအဆင့်မှာ ညွှန်ကြားရေးမှူးက တစ်လ(၁)ကြိမ်နှုန်း ဟောပြောပွဲတွေလုပ်ပြီးတော့ စွမ်းအားမြှင့်မီးဖိုတွေကို ဖြန့်ဝေပေးသွားမှာပါ''ဟု တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ်(၁၇)မြို့နယ်မှ ကျေးရွာသို့ စွမ်းအားမြှင့်မီးဖို ဖြန့်ဝေပေးမည့် အစီအစဉ်အရ တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန ရုံးမှ (၆ဝဝ)လုံး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ကျေးရွာများသို့(၄၅၆၁)လုံး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ကျေးရွာများသို့ (၂၂၈၈)လုံး၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကျေးရွာများသို့ (၁၇၃၁)လုံး၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ် (၃)မြို့နယ်မှ ကျေးရွာများသို့ (၂၁ဝဝ)လုံး စုစုပေါင်း (၁၁၂၈ဝ)လုံးအား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment