Thursday, August 31, 2017

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့များရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေး ကြည့်ရှုအားပေး

နေပြည်တော် သြဂုတ် ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ရောက်ရှိပြီး အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အား မောင်တောမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသပေးနေမှု များကို ကြည့်ရှု့အားပေးသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး မောင်တော ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများအား ဖြေရှင်းဆောင်ရွက်ရန် အချိန်နှင့်တပြေးညီ နှီးနွယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ၀န်ထမ်းများအနေဖြင့် စိတ်အားငယ်ရန်မလိုကြောင်း၊ လုံခြုံရေးအတွက် လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားပါကြောင်း၊ လုပ်ငန်းခွင် အဆင်ပြေစွာ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တော အခြေခံပညာအထက်တန်းကျောင်းခွ္ပဲယာယီဖွင့်လှစ်ထား သည့် စုရပ်သို့သွားရောက်၍  ယာယီပြောင်းရွေ့ ခိုလှုံလာကြသူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားပြီး ရိက္ခာများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ယာယီစုရပ်စခန်းတွင် ဖွင့်လှစ်ထားရှိသည့် ဆေးကုသခန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့သို့ ရောက်ရှိပြီး ဘူးသီးတောင် မြို့နယ် ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘူးသီးတောင်မြို့ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီစုရပ်စခန်းသို့ သွားရောက်ကာ ယာယီပြောင်းရွေ့ ခိုလှုံလာကြ သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် ယာယီစုရပ်စခန်းများသို့ သွားရောက်ကာ ယာယီပြောင်းရွေ့ခိုလှုံလာကြသူများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment