Thursday, August 31, 2017

လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍက အထောက်အကူ ယူလျက်ရှိ

နေပြည်တော် သြဂုတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ယနေ့နံနက် ၈နာရီတွင် မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သော မြို့မိမြို့ဖများ၏ မန္တလေးတက္ကသိုလ် ပညာရည်ချွန် ရွှေတံဆိပ်ဆု ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက် အားပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ကျောင်းသား ဆရာအချိုး ညီအောင် လိုအပ်သည့်အရည်အသွေးပြည့် ဆရာဆရာမများကို သင်ကြားလေ့ကျင့် ပေးပြီး ခန့်အပ်ပေးလျက်ရှိပါကြောင်း၊ သင်ကြားသင်ယူမှု အထောက်အကူ ပစ္စည်းများ၊ စာကြည့်တိုက်များ အတွက် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ ကျောင်းအဆင့် များ တိုးမြှင့်ဖွင့်လှစ် ပေးလျက်ရှိသည့်နည်းတူ ကျောင်းဆောင်သစ်များကိုလည်း တိုးချဲ့ဆောက်လုပ်ပေးလျက် ရှိပါကြောင်း၊ စဉ်ဆက်မပြတ် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေမည့် သက်မွေး ပညာရေးကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စဉ်ဆက်မပြတ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကဏ္ဍ အထောက်အကူပြုလျက်ရှိရာ ပညာအရည်အသွေး မြင့်မားရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မုဒိတာ အမှာစကား ပြောကြားပြီး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ အလှူရှင်များက မန္တလေးတက္ကသိုလ် ပညာရည်ချွန် ရွှေတံဆိပ်ဆုရရှိသူ တစ်ဦးချင်းစီအား ပညာရည်ချွန် ရွှေတံဆိပ် ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ Hotel MARVEL၌ ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဟိုတယ်လုပ်ငန်းဆိုင်ရာ အခြေခံ ဧည့်ကြိုသင်တန်း သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲနှင့် အခြေခံအိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment